Views
စစ်တွေမြို့၊ ပါတလိတ်ကျေးရွာရှိ အထက(၇)စာသင်ကျောင်းတွင် AA အကြမ်းဖက်အဖွဲ့က ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည် ၂ လုံး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ကျရောက်ပေါက်ကွဲခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု စုံစမ်းသိရှိရသည်။
-
ပါတလိတ်တစ်ဖက်ကမ်းရှိ ညောင်ပင်လယ်ကျေးရွာဘက်မှနေ၍ AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး စာမေးပွဲအခန်းအတွင်းမှ ထွက်ခွာရန်ပြုလုပ်နေသည့် ကြွီတဲကျေးရွာနေ မောင်ချစ်မျိုးလှိုင်နှင့် မခင်သန်းဝေတို့ ၂ ဦးတွင် ဗုံးအစမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ကြွီတဲရွာသား တစ်ဦးက ပြောကြားသည်။
-
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့(မတ်လ ၁၁ ရက်နေ့)မှစ၍ ဖြေဆို လျက်ရှိရာ ကျောင်းသား/သူများ စာမေးပွဲမဖြေဆိုနိုင်ရန် AA အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏မီဒီယာများက လူမှုကွန်ရက်မှတစ်ဆင့် မမှန်သတင်းများဖြင့် ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည့်အပြင် ယခုအခါ လက်နက်ကြီးဖြင့်ပါ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းပြုလုပ်ခဲ့သည်။
-
ထို့အပြင် စစ်တွေမြို့ဒေသခံများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး AA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများပစ်ခတ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ကိုးရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လည်းကောင်း၊ မတ်လ ၉ ရက်နေ့ ညပိုင်းတွင် ကသည်းရပ်ကွက်အတွင်းသို့ လည်းကောင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအများအပြား သေဆုံး/ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။
#MayYuHtarNay