Views
ပထဝီနိုင်ငံရေးဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကို ဆွီဒင်နိုင်ငံရေး သိပ္ပံပညာရှင် ရူးဒေါ့ရှယ်လင် က ၁၈၉၉ ခုနှစ်မှာ စပြီး သုံးစွဲခဲ့တာတွေ့ရတယ်။ ဒါပေမယ့် တကယ်တမ်း တွင်တွင်ကျယ်ကျယ် လူသိများပြီး သုံးစွဲလာခဲ့ကြတာကတော့ ၁၉၃၀ ခုနှစ် နောက်ပိုင်းလောက်မှသာ ပိုပြီး ထင်ရှားလာခဲ့တဲ့ သဘောဆိုတာလည်း တွေ့ရတယ်။ ဒီနေရာမှာလည်း လူတွေအမှတ်မှားနိုင်တဲ့ ဝေါဟာရ အသုံးအနှုန်း ကွဲလေးတွေလည်း ရှိသေးတယ်။ ဥပမာ ‘ပထဝီနိုင်ငံရေး’ကိုပြောတာလား၊ ‘နိုင်ငံရေး ပထဝီ’ကို ပြောတာ လားဆိုတဲ့ အသုံးအနှုန်း တွေပေါ်မှာ ကွဲကွဲပြားပြားသိဖို့လည်း လိုအပ်သေးတယ်။
-
ပထဝီနိုင်ငံရေးနဲ့ ပတ်သက်ရင် ကမ္ဘာ့နိုင်ငံရေးပညာရှင်တွေ သတ်မှတ်ထားကြတဲ့အချက်ခံ အယူအဆ သဘောတရား (၆)ချက်ရှိတယ်လို့ ဆိုတယ်။ သာမာန်အားဖြင့်တော့ နယ်မြေ အရွယ်အစား(Size)၊ တည်နေရာအနေအထား(Location)၊ ရာသီဥတုအခြေအနေ (Climate)၊ မြေမျက်နှာသွင်ပြင်(Topography)၊ လူဦးရေတည်ရှိမှုပုံစံ(Demography)နဲ့ သဘောဝ သယံဇာတ ပေါကြွယ်ဝမှု(Natural Resources)ဆိုတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်လေ့လာကြလေ့ရှိကြတယ်။ ဒီနေရာမှာ အပေါ်က(၆)ချက်တွေထက် ပိုပြီး ထင်ထင်ရှားရှားဖြစ်စေပြီး လူပြောများတဲ့အချက်ကတော့ တည်နေရာအနေအထား( Location) ဆိုတဲ့ အပိုင်းပဲဖြစ်တယ်။ နိုင်ငံတစ်ခုရဲ့ တည်နေရာအနေအထားနဲ့ ပတ်သက်ရင် ကမ္ဘာ့နိုင်ငံတွေကို ကုန်းတွင်းပိတ် နိုင်ငံ( Close Position)၊ ကမ်းရိုးတန်းနိုင်ငံ (Open Position)နဲ့ ကျွန်းနိုင်ငံ (Island) ဆိုပြီး ခွဲခြားလေ့လာ သုံးသပ်ကြလေ့ရှိကြတယ်။
-
ဒီအချက်တွေကို ဘာလို့ရှင်းပြနေရသလဲဆိုတော့ မြန်မာနိုင်ငံရဲ့ တည်နေရာအနေအထားက ဘယ်လောက် အထိ အိမ်နီချင်းနိုင်ငံတွေကြားမှာ မဟာဗျူဟာကျကျ အခြေအနေမှာ ရှိနေသလဲဆိုတာကို ထင်သာမြင်သာ ရှိစေချင်လွန်းလို့ဖြစ်တယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကုန်းမြေအားဖြင့်လည်း တစ်ဆက်တစ်စပ် တည်း တည်ရှိတဲ့ နိုင်ငံတွေထဲမှာ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်တယ်။ တောင်အာရှကို လွှမ်းမိုးတဲ့ အိန္ဒိယနဲ့ အရှေ့တောင်အာရှကိုလွှမ်းမိုးတဲ့ တရုတ်နိုင်ငံတွေကြားမှာ ကြားခံဆက်စပ်နေတဲ့ စင်္ကြံ ကုန်းမြေနိုင်ငံ တစ်ခုလည်းဖြစ်တယ်။ ကမ်းရိုးတန်းပိုင်ဆိုင်မှုမှာလည်း ရှည်လျားတဲ့နိုင်ငံဖြစ်သလို နယ်မြေအားဖြင့် ကြည့်မယ်ဆိုရင်လည်း လူထုနေထိုင်နိုင်တဲ့ ပမာဏထက် ပိုပြီးကြီးမားနေတဲ့ အရွယ်အစားဖြစ်တယ် ဆိုတာလည်း တွေ့နိုင်တယ်။ သဘာဝသယံဇာလည်း ပေါကြွယ်ဝသလို ရာသီဥတုအားဖြင့်လည်း သင့်တင့် မျှတတဲ့ အနေအထားမှာရှိနေတယ်။ ဒါပေမယ့် ကိုယ်တွေနိုင်ငံက နိုင်ငံရေးစနစ် မတူညီတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ တည်ရှိနေတာဖြစ်လို့ ပထဝီနိုင်ငံရေးကို ကောင်းကောင်း အသုံးမချနိုင်ဘူးဆိုရင် ဒီနိုင်ငံကြီးတွေရဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ အောက်မှာ နိုင်ငံရေးတည်ငြိမ်မှု မရှိနိုင်တာ၊ နိုင်ငံ Fail State ဖြစ်စေနိုင်တဲ့အထိ ရိုက်ခတ်မှု ပြင်းထန်နိုင်စေတာကို သတိချပ်ရမှာဖြစ်တယ်။
-
ပထဝီနိုင်ငံရေးနဲ့ ပတ်သက်ရင် ၁၈၄၀ ခုနှစ်လောက်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ် မာဟန်က “ပင်လယ် အခြေပြုနိုင်ငံ” ဆိုတဲ့ သဘောတရားသီအိုရီကို ထုတ်ပြခဲ့ဖူးတယ်။ သူနဲ့ အတူ ၁၈၉၃ ခုနှစ်လောက်မှာ ယေးတက္ကသိုလ်က ပါမောက္ခစပိုက်မင်းက ဘေးနှုတ်ခမ်းသားနယ်မြေ (RingLand Theory)ကို ထုတ်ဖော်ရေးသားခဲ့တယ်။ ဗိုလ်ချုပ်မာဟန် ရဲ့ အဆိုအရ ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်တဲ့သူက ကမ္ဘာကြီးကို ချုပ်ကိုင်ခွင့်ရတယ်ဆိုတဲ့ အယူအဆအတိုင်း လက်ရှိအမေရိကန်အနေနဲ့ ပင်လယ်ပြင်စိုးမိုးနိုင်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တာလည်း တွေ့ရမှာဖြစ်တယ်။ ဒီသဘောတရားတွေအတိုင်း ကုန်တွင်းပိတ် နိုင်ငံတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ကြိုးပမ်းခဲ့တဲ့ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ထိုင်ဝမ်ပြဿနာဖန်တီးနေမှုတွေ၊ ဒီမိုကရေစီကို ခေါင်းစဉ်တပ်ထားတဲ့ မြန်မာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုတွေဟာ အပေါ်ကဆိုခဲ့တဲ့ အကြောင်းတရားတွေရဲ့ အကျိုး ဆက်သာ ဖြစ်နေတာတွေ့ရမှာဖြစ်တယ်။
-
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေအနေနဲ့ ပထဝီအနေအထားအရ မြန်မာနိုင်ငံအပေါ်မှာ အနီးကပ်လွှမ်းခြုံနိုင်တဲ့ အနေအထားတစ်ရပ်တော့ မရှိဘူး။ အကျိုးစီးပွားအားဖြင့်လည်း မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေအတွက် မက်လောက်စရာ အခြေပြုစီးပွားရေးလုပ်ငန်းတွေလည်း လောက်လောက် လားလား ရှိမနေဘူး။ ဒါပေမယ့် သူတို့ရဲ့ အကျိုးစီးပွားလိုလားချက်ဟာ တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး ကသာ လက်တွေ့ကျတဲ့ ရည်မှန်းချက်ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာ အနောက်အုပ်စုရဲ့ Agenda ကို အကောင်အထည်ဖော်ပေးရတဲ့ တောင်ပိုင်း လက်နက်ကိုင်တပ်တွေနဲ့ တရုတ် ဩဇာသက်ရောက်မှုရှိနေတဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေဆိုပြီး လက်နက်ကိုင်အစုအဖွဲ့အုပ်စု နှစ်ခု ရှိနေတာလည်း ဖြစ်တယ်။ လောလောဆယ်မှာတော့ နောက်ကွယ်က လက်သည်တရားခံ ကို တိတိကျကျ ရှာလို့ မရခင်မှာပဲ ကချင်ပြည်နယ် ပါလာတဲ့ ရှမ်းမြောက်အရေး၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်မျက်နှာ သုံးခု အပြိုင်ဖွင့်လာတဲ့အခြေအနေကိုတော့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ရင် အနောက်အုပ်စုရဲ့ တရုတ်စီးပွားရေးလမ်းကြောင်း BRICS ကို ဖျက်စီးလိုမှုဆိုတဲ့ ပြောဆို သုံးသပ်မှုတွေရှိသလို တရုတ်ကိုယ်တိုင်ကလည်း အစိုးရနဲ့ သူ့နိုင်ငံကြားမှာ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေကို ကြားခံ(Bufffer Zone)ထားလိုမှုဆိုတဲ့ ယူဆချက်တွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
-
လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှန်သမျှဟာ ပထဝီကိုတည်ပြီး ကစားလာတဲ့နယ်မြေလု စစ်ပွဲတွေပါပဲ။ နမ့်ဆန်ဒေသနဲ့ မန်တုံဒေသကိုပဲ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုထားတဲ့ TNLA ဟာ မူဆယ်(၁၀၅)မိုင်၊ ကွတ်ခိုင်နဲ့ သိန္ဒီအထိပါ သိမ်းပိုက်ဖို့ ကြံလာတာ၊ ပယ်ဆောက်ချိန် မိသားစုကို ဖယ်ထုတ်ပြီး ကိုးကန့်ဒေသမှာ အထူးဒေသပုံစံအထိ တောင်းဆိုလာတဲ့ MNDAA ရဲ့ လုပ်ရပ်တွေ အပါအဝင် ကုလားတန် စီမံကိန်းကို အပိုင်သိမ်းဖို့ ပလက်ဝအထိ နယ်မြေကျော်လာတဲ့ AA တို့ရဲ့ လုပ်ရပ်တွေဟာ စစ်အာဏာရှင်တိုက်ထုတ်ရေး၊ လူမျိုးကြီးဝါဒ ဖယ်ရှားရှင်းလင်းရေးနဲ့ တန်းတူညီမျှမှု အလေးပေးရေးဆိုတဲ့ အချက်တွေနဲ့ အတော်လေးကို လမ်းကြောင်း သွေဖယ်နေတဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုးကန့်ဒေသမှာ ရှိတဲ့ ဗုဒ္ဓဘာသာ တို့ရဲ့ ဘုရားစေတီတွေကို ဖျက်စီးမှုတွေအပါအဝင် လတ်တလောကြားသိနေရတဲ့ လောက်ကိုင်မြို့ထဲက ဗမာဈေးတန်းဖျက်စီးဖယ်ရှား ရှင်းလင်းရေးတွေဟာ လူမျိုးရေးမုန်းတီးမှုကို အခြေခံတဲ့ လုပ်ရပ်တွေ ဖြစ်လာတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နေရတာ ဖြစ်ပါတယ်။
-
လက်ရှိအချိန်မှာ ကူမင်း ဆွေးနွေးပွဲကလည်း စတုတ္ထအကြိမ်အထိ ရောက်လာပေမယ့် နှစ်ဖက်အဖွဲ့အစည်း တွေအနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရတော့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ခြင်း မရှိသေးဘူးလို့ သုံးသပ်ရမှာပါပဲ။ BRI လမ်းကြောင်း တစ်လျှောက် ဩဇာခံ လက်နက်ကိုင်တပ်တွေချထားပြီး စီးပွားရေး ဆွေးနွေးချင်တဲ့ တရုတ်ရဲ့လုပ်ရပ်တွေ၊ မြို့ခံပြည်သူလူထုနဲ့ တပ်မိသားစုတွေကို အကာအကွယ်ပြု ပေးနေရလို့ စစ်ရေးအရ နောက်ဆုတ် ပေးထားရတဲ့ အခြေအနေတွေကြားမှာ ‘မြေပိုင်မှ စစ်နိုင်တယ်’လို့ ယူဆရတဲ့ နှစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်ဘက်ကမှ အုပ်ချုပ်ရေးအာဏာစက် တည်ဆောက်နိုင်ခြင်း မရှိသေးတာတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် .....တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ ရပ်နားထားတဲ့ ကိုးကန့် ဒေသမှာ MNDAA ရဲ့ နှစ်ပတ်လည်အခမ်းအနားကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပနေတဲ့ မြင်ကွင်းတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ရယ်ပြုနေသလားလို့တောင် ထင်မိပါတယ်။ တနည်းအားဖြင့် ကိုးကန့်ဒေသမှာ MNDAA ကျင့်သုံးလာတဲ့ ‘ဗမာ မလာရ၊ ဗမာ ငွေကြေး မသုံးစွဲရ’ ဆိုတဲ့ စနစ်တစ်ခုဟာ တိုင်းရင်းသားအားလုံး စုပေါင်း နေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံတော်ဆိုတဲ့အရိပ်အာဝါသ အောက်က လွတ်ကင်းနေသလို အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလည်း တမျိုးတဖုံ ချိမ်းခြောက်နေတဲ့ အနေအထား တစ်ရပ် လည်း ဖြစ်တယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။
-
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ စူပါပါဝါအင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်ဟာ မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုမှာ သမိုင်းစဉ်တစ်လျှောက် ပါဝင်ခဲ့ဖူး၊ နောင်မှာလည်း မလွှဲမရှောင်သာ ဆက်ပြီးပတ်သက် ဆက်ဆံနေကြရဦးမှာပါပဲ။ ပိုဆိုးတာက တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ နည်းမျိုးစုံနဲ့ ဩဇာ သက်ရောက်မှု ကြီးမားနေတဲ့အချက်က မြန်မာ့နိုင်ငံရေးမှာ ‘လိုရင်တမျိုး၊ မလိုရင်တမျိုး’ လုပ်လို့ရနေတာက အဆိုးဆုံး အချက်ဖြစ်ပါတယ်။ အထူးသဖြင့် EAOs ခေါင်းဆောင်တွေပြောတဲ့ ကွန်ဖက်ဒရေးရှင်းအဆင့်ထက် မနိမ့်တဲ့ တောင်းဆိုချက်တွေဟာ ပြည်နယ်တွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား လူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှုနဲ့ အကျိုးစီးပွားတွေမှာ အကျိုးသက်ရောက်မှု တိုက်ရိုက် ခံစားစေရင် မပြောသာပေမယ့် EAOs ခေါင်းဆောင်တွေသာ ပြည်ပဩဇာခံ၊ အခြားအင်အားကြီး နိုင်ငံတွေရဲ့ ရုပ်သေးရုပ်သာ ဖြစ်ခဲ့ရင် .... တန်းတူညီမျှရေး နောက်ကွယ်မှာ မမြင်နိုင်တဲ့ အကြောင်းတရားတွေ ဒီထက်ပိုပြီး ကြီးမားကျယ်ပြန့်မှု ရှိနေသေးတယ်ဆိုတာကို သတိပြု ရတော့မှာ ဖြစ်ပါတယ်။ ။ ။
(နရီမိုး)