Views
မတ် ၂၂ ရက် ညက ထိုင်းနိုင်ငံ တောင်ပိုင်း ခရိုင် ၄ ခုမှာ မီးရှို့တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာက အနည်းဆုံး နေရာ ၄၀ မှာ မီးလောင်ခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရပါတယ်။
-
ဒေသစံတော်ချိန် နံနက် ၁ နာရီက စပြီး စတိုးဆိုင်တွေမှာ သေနတ်ဖောက်လို့ ဝန်ထမ်းတွေ ထွက်ခိုင်းပြီး မီးရှို့မှု တွေကို အုပ်စုဖွဲ့ လုပ်ဆောင်ကြတာဖြစ်ကာ ပက်တာနီ၊ ယာလာ၊ နာရာသီဝပ်နဲ့ ဆောင်ခလာ ခရိုင် ၄ ခုမှာ အနည်းဆုံး နေရာပေါင်း ၄၀ ကို မီးရှို့ဖျက်ဆီးရာက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရင်း မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။
-
ထိုင်းတပ်မတော် ပြည်တွင်းလုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အက်ဗာရစ်ချော့ခိုပိုးက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ် ရာမာဒန်ဥပုသ်လမှာ ဆူပူ အုံကြွ အောင်လုပ်ဆောင်တာဖြစ်ပြီး ဆိုင်တွေ၊ ကားတွေ၊ လူမှုပတ်ဝန်းကျင်သုံးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးကြတာဖြစ် တယ်လို့ ထုတ်ပြန်သွားပါတယ်။
-
ထိုင်းနိုင်ငံ တောင်ဘက်စွန်းမလေးရှားနိုင်ငံနဲ့ကပ်လျက်ဒေသမှာ မွတ်ဆလင်အများစု နေထိုင်ပြီး ဆယ်စုနှစ်ပေါင်း များစွာကတည်းက သီခြားခွဲထွက်ခွင့်တောင်းဆိုမှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။
-
ဒီနယ်မြေဟာ အရင်က မလေးရှား ပသီစော်ဘွား ပက်တာနီ သီးသန့်ပိုင်စိုးတဲ့ နယ်မြေဖြစ်ခဲ့ပေမယ့် ၁၉၀၉ ခုနှစ်မှာ ထိုင်းက ဗြိတိန်ထောက်ခံမှုနဲ့ သိမ်းပိုက်ခဲ့ရာက ထိုင်းနိုင်ငံ အပိုင်နယ်မြေထဲ ရောက်သွားလို့ တော်လှန်မှုတွေ မကြာခဏ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
-
ဒေသဆိုင်ရာ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံရေးဆွဲဖို့ ထိုင်းအစိုးရက ညှိနှိုင်းမှုတွေ လုပ်နေခဲ့ ပေမယ့် ၂၀၂၃ မေလ ထိုင်းရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်ဖွဲ့စည်းနေရလို့ ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီလကမှ ပြန်လည် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
-
ထိုင်းတောင်ပိုင်းမှာ ပဋိပက္ခတွေ မကြာခဏဖြစ်ပွားရာက ၂၀၀၄ ခုနှစ်နောက်ပိုင်း လူပေါင်း ၇၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ တောင်ပိုင်း စောင့်ကြည့်ရေးအဖွဲ့ Deep South Watch က ထုတ်ပြန်ထားပါတယ်။
Ref: straitstimes
MKF-001