Views
လူသယ်ဆောင်နိုင်တဲ့ ပခုံးထမ်းဒုံး တနည်းအားဖြင့် Man-portable air-defense systems (MANPADS or MPADS) လို့ ခေါ်တဲ့ ဝေဟင်ပစ်ဒုံးကျည်တွေကို လက်နက်ကိုင်တပ် တွေက ဒီရက်ပိုင်းမှာ ထုတ်ပြလာခဲ့တာတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်နက် အကြောင်းအရာနဲ့ ပတ်သက်ပြီး အနည်းငယ် သိနားလည်စေဖို့ မျှဝေပေးလိုက်ပါတယ်။
----
MANPADS ဒုံးတွေကို ၁၉၅၀ ခုနှစ်လောက်က စပြီး တီထွင်ခဲ့တယ်။ အလွယ်တကူ ရွှေ့ပြောင်း သယ်ဆောင်နိုင်သလို အကွာအဝေးအားဖြင့် အမြင့်ပျံမဟုတ်တဲ့ စစ်ဘက်လေ ယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိလို့ အတော်အသင့် အသုံးဝင်တဲ့ လေကြောင်းပစ် လက်နက် တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်အပါအဝင် ရုရှား၊ အီရန်နဲ့ နိုင်ငံပေါင်း (၂၅) နိုင်ငံလောက်က ဒီလက်နက်တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတာ တွေ့ရတယ်။ ဒုံးကျည်ရဲ့အလျား ဟာ ၅ ပေ၊ ၆ ပေခန့်ရှိသလို အရွယ်အစားပေါ်မူတည်ပြီး အလေးချိန်မှာလည်း ကွာဟ ချက်ရှိတယ်။ ပျှမ်းမျှအားဖြင့် အလေးချိန်ပေါင် ၄၀ ခန့်ရှိပြီးတော့ ၆ မိုင်အကွာမှာ ပစ်မှတ်ကို စပြီး ခြေရာခံနိုင်တာတွေ့ရတယ်။ ဒါပေမယ့် ၆၁၀၀ မီတာ( ပေ ၂၀၀၀၀) အထက် ယာဉ်တွေကိုတော့ ချိမ်းခြောက်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။
----
၁၉၆၀ တဝိုက်မှာပေါ်ပေါက်ခဲ့တဲ့ ပထမ မျိုးဆက်တွေထဲမှာ MANPADS၊ ဆိုဗီယက် 9K32 Strela-2 နဲ့ တရုတ် HN-5 တွေက ထင်ရှားတယ်။ အနီအောက်ရောင်ခြည်သုံး ဒုံးတွေဖြစ်လို့ ပစ်မှတ်အပူလှိုင်းကို ရှာဖွေပြီး တိုက်ခိုက်ရတဲ့ လက်နက်တွေလည်းဖြစ် တယ်။ ဒုတိယမျိုးဆက်တွေကတော့ U.S. Stinger၊ ဆိုဗီယက် Strela-3 နဲ့ Chinese FN-6 ဆိုပြီး ပေါ်ထွက်လာခဲ့တယ်။ တတိယမျိုးဆက်မှာတော့ ပြင်သစ် Mistral၊ ဆိုဗီယက် 9K38 Igla နဲ့ US Stinger B တွေ အပါအဝင် စတုတ္ထမျိုးဆက်တွေမှာတော့ အမေရိကန် FIM-92 Stinger Block 2၊ Russian Verba၊ Chinese QW-4၊ Indian VSHORAD နဲ့ ဂျပန် Type 91 ဝေဟင်ပစ်လက်နက်တွေက ထင်ရှားတဲ့ ဒုံးလက်နက်တွေ ဖြစ်လာခဲ့ကြတယ်။ ဒီအဆင့်မြင့်လက်နက်တွေမှာ အနီအောက် ရောက်ခြည်သုံး အဆင့်မြင့် အာရုံခံစနစ် တွေလည်း ပါဝင်လာခဲ့သလို လေယာဉ်ကနေ ဖြန့်ကျက် ထုတ်လွှတ်တဲ့ အပူလှိုင်း နှုန်းတွေကိုလည်း ခွဲခြားသိမြင်နိုင်တဲ့ အာရုံခံ စနစ်တွေ ပါဝင်ခဲ့တာ တွေ့ရတယ်။
---
MANPADS ဒုံးတွေဟာ တစ်ဦးချင်း သယ်ဆောင်နိုင်တဲ့ ပခုံးထမ်းဒုံးတွေဖြစ်လို့ သယ်ဆောင် ရတာ ပေါ့ပါးတယ်လို့ ယူဆလို့ရတယ်။ ရန်သူတွေအနေနဲ့ ရွေ့လျားကား တွေပေါ်မှာ အလွယ်တကူတင်ဆောင်ပြီး ပစ်ခတ်နိုင်တာတွေ့ရတယ်။ တည်ဆောက်ပုံအရ "gripstock လို့ခေါ်တဲ့ အပစ်ခလုတ်၊ တခါသုံး ဘက်တ္ထရီနဲ့ ဒုံးကျည်တစ်ခု ပါဝင်တဲ့ Launch Tube တစ်ခု ပါဝင်တယ်။ သာမန်အားဖြင့် အမျိုးအစား ၃ မျိုးခွဲပြီး သတ်မှတ်ကြတယ်။ ပထမ တစ်ခုက လေယာဉ်ရဲ့ အင်ဂျင် အပူစနစ်ကို နောက်ယောင်ခံလိုက်ပြီး တိုက်ခိုက်တဲ့ စနစ်၊ ဒုတိယ တစ်ခုက Command Line-of-Sight (CLOS)စနစ်ကို အသုံးပြုပြီး ရေဒီယို လမ်းညွှန်မှုနဲ့ တိုက်ခိုက်တဲ့ စနစ်၊ နောက်ဆုံး စနစ်ကတော့ လေဆာရောင်ခြည် အသုံးပြုပြီး ပစ်မှတ်ကိုတိုက်ရိုက်တိုက်ခိုက်စေတဲ့ စနစ်တွေပဲဖြစ်တယ်။
---
MANPADS ရဲ့ အဓိက အားနည်းချက်ကတော့ အမြင့်ပျံ လေယာဉ်တွေကို တိုက်ရိုက် ထိမှန်နိုင်ဖို့ မရှိဘူး။ အထူးသဖြင့် ကင်းထောက်လေယာဉ်တွေနဲ့ အမြင့်ပျံ တိုက်လေယာဉ် တွေကို ဒီလက်နက်နဲ့တိုက်ခိုက်နိုင်မှာ မဟုတ်သလို အနီအောက်ရောင်ခြည်သုံး ပဲ့ထိန်းဒုံးကျည်ရန်က ကာကွယ်ဖို့ တန်ပြန်အစီအမံ (အပူလှိုင်း) ပါတဲ့ခေတ်မီတိုက် လေယာဉ်တွေ အတွက် ဒီဒုံးတွေဟာ ထိရောက်မှု ရှိမှာ မဟုတ်ဘူး။ အကွာအဝေးအားဖြင့် ပေ ၂၀၀၀၀ အောက်လျော့တဲ့ မြန်နှုန်းမြင့်မဟုတ်တဲ့ ယာဉ်တွေကိုသာ တိုက်ရိုက် တိုက်ခိုက်နိုင်မှာဖြစ်တယ်။ တန်ဖိုး အနေနဲ့ မှောင်ခိုဈေးကွက် မှာတော့ အမေရိကန်ဒေါ်လာ တသိန်းပတ်ခြာလည်လောက် တန်ဖိုးကျ သင့်တာ တွေ့ရသလို ထိမ်းသိမ်းထားသိုမှုအပိုင်းမှာလည်း ကန့်သတ်ချက်တွေရှိလို့ အများကြီး သိုလှောင်နိုင်ဖို့ ခက်တာတော့တွေ့ရတယ်။ ဖြစ်နိုင်တာကတော့ သတင်းလက်ဦးမှုရတဲ့ ဖြစ်စဉ်မျိုးမှာ ကြိုတင်စောင့်ကြိုတိုက်ခိုက်တာမျိုးကလွဲရင် ထူးထူးခြားခြား ချိမ်းခြောက်နိုင်မှု ရှိမယ် မထင်ပါဘူး။
---
နောက်ဆုံးအချက်ကတော့ ဒီလက်နက်တွေရဲ့ လားရာဟာ ထိုင်းနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ‘မြွေဟောက်စစ်ဆင်ရေး’ရဲ့ အကြွင်းအကျန်တွေပါပဲ။
(နရီမိုး)