" လူမျိုးရေးကိုသာ ဦးတည် ဇောင်းပေးနေသမျှ "

Views


🔳ကိုမွန်းအောင်ဆိုတာက ကိုယ်တွေကြိုက်လွန်းလှတဲ့ အဆိုတော်တစ်ယောက်။ နိုင်ငံရေး ယုံကြည်ချက်မတူတော့ တောခိုသွားရာကတစ်ဆင့် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်တော်ပြန်ခွင့်ရခဲ့တယ်။ သိပ်မကြာပါဘူး။ တနေ့က တွေ့လိုက်တာက တော်လှန်ရေးအတွက် ဘတ်ဂျက်ရှာပေးတယ်ဆိုတဲ့ ကမ်းပိန်းလိုလို၊ အလှူခံလိုလို သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။



🔳နောက်သတင်းတစ်ခုက MC ကယားလေးဆိုတဲ့ တစ်ယောက် တောထဲက လက်နက်ကိုင်အင်အားစုတပ်ဖွဲ့မှာ သီချင်းဆိုပေးနေတဲ့ ရုပ်သံ တွေ့လိုက်ရတယ်။ အနုပညာပိုးနဲ့ လူမှုကွန်ရက်မှာ နာမည်ကြီးလာတာကတစ်ဆင့် အောင်မြင်ပြီး အနုပညာရှင်တွေ ပံ့ပိုးလို့ ။ သူလည်း ထိုက်သင့်သလောက် လူသိများခဲ့တယ်။



🔳နောက် တယောက်က ရခိုင် စာရေးဆရာ ဝေဟင်အောင်နဲ့ မင်းသေ့ဆိုတဲ့ စာရေးဆရာ။ တယောက်က ရခိုင် မိုခါမုန်တိုင်း ကူညီကယ်ဆယ်ရေးလိုလိုနဲ့ AA အတွက် ပြည်တွင်း/ပြည်ပ ပေါ်ပေါ်တင်တင်ပဲ အလှူခံပေးနေတယ်။ နောက်တစ်ယောက်ကတော့ နောင် ၁၀ နှစ်ကြာရင် ရခိုင်ဟာ "ဝ" ထက်သာလွန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာလိမ့်မယ်ဆိုပြီး စစ်ဒဏ်ခံစား‌နေရတဲ့ လူထုကို မငဲ့ကွက်ပဲ အမြှောက်ကြိုက် စကားတွေ ရေးသားနေတယ်။ သူ ရေးတဲ့ စာက Hypothesis အရ မှန်းဆချက်ဆိုပေမယ့် ဖြစ်ချင်တဲ့စိတ် အရင်းခံတယ်လို့လည်း တွေးလို့ရတယ်။ ရခိုင်ပြည်နယ်ကို ကြည်း/ရေ/လေ ပိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ထားတယ်။ သူ လုံးဝ မတွေးထားတာက ရခိုင်ဟာ မုန်တိုင်းဝင်ရင် ပြည်မက လူထုရဲ့ အထောက်အပံ့မပါဘဲ မရပ်တည်နိုင်ဘူးဆိုတဲ့အချက်ပဲ။ ရခိုင်ရိုးမ ခြားလို့ ဗဟို အာဏာစက်ဝေးလွန်းတယ်လို့ ရခိုင်စာရေးဆရာက ယူဆပေမယ့် မိုခါမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးပြီးမြောက်ဖို့ ရိုးမကြောင့်ဆိုပြီး ပြည်မကလူတွေ အကြောင်းမပြခဲ့တာတော့ သေချာတယ်။



🔳နောက်တစ်ယောက်က KIA ရဲ့ ဂွမ်မော်။ ပြည်မမှာ တက္ကသိုလ်တက်သွားပြီးမှ တစင်ထောင်တဲ့ လက်နက်ကိုင်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ NCA မှာ လက်မှတ်မထိုးသေးဖို့ ဒေါ်စုရဲ့ အကြံပြုချက်ကို လက်ခံခဲ့တဲ့တစ်ယောက်လည်း ဖြစ်တယ်။



🔳ဆိုတော....သူတို့အားလုံးရဲ့ ရေခံ၊ မြေခံအားလုံးဟာ ပြည်မနဲ့ လွတ်ကင်းခဲ့သူ အတော်ရှားတယ်။ အချိန်တန်တော့လည်း ပြည်ထောင်စုထက်စာရင် သူတို့ လူမျိုးစုအတွက်ပဲ ရှေ့တန်းတင်လိုက်ကြတော့တာ။ ဒါက သဘာဝလည်း ကျပါတယ်။ ကိုယ့်လူမျိုး ကိုယ်ချစ်ကြတာကိုး။ သို့သော် ဖြစ်စေချင်တာက အခြားလူမျိုးကိုလည်း မမုန်းတီးဘဲ အတူယှဉ်တွဲနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုဆိုတဲ့ အတွေးအခေါ်အယူအဆ ရှားပါးနေတာ တွေ့ရတယ်။ ဒါ့ကြောင့်လည်း လူမျိုးကိုအခြေခံတဲ့ ပြည်တွင်းစစ်တွေဟာ ရပ်စဲနိုင်ဖို့ ခက်ခဲကြတယ်ဆိုတာ အမှန်တရား ဖြစ်နေတာ တွေ့ရတယ်။





(နရီမိုး)

Post a Comment

Previous Post Next Post