မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အထူးသံတမန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ထိုင်း၊ ဂျပန်တို့မှ အထူးသံတမန်ကိုယ်စားလှယ်များဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ မြန်မာနိုင်ငံမှ NUG ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ပါဝင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
-
ယင်းသည် အာဆီယံအဖွဲ့၏ မြန်မာ့အရေးကို နည်းဗျူဟာအသစ်ဖြင့် ချဉ်းကပ်ပုံအား အခြားအဖွဲ့များက ဝန်းရံပေးခြင်းဟု ယေဘုယျသဘော မြင်ကြည့်နိုင်သည်။ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တစ်နှစ်စီ ထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း အသီးသီး တာဝန်ယူ ဆောင် ရွက်ခဲ့ကြသည်။
-
ထိုသို့ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့လက်ထက်တွင် မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားလက်ထက်တို့တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် မြန်မာ့အရေးကိစ္စသည် လာအိုနိုင်ငံအပေါ် ကျရောက်၍လာခဲ့သည်။ လာအိုနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်တာဝန်ယူရသော်လည်း မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားသည့်နိုင်ငံမဟုတ်သောကြောင့် မြန်မာ့အရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းနိုင်ငံတကာအရေး လေ့လာသူများက သုံးသပ်ကြသည်။
-
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးကို ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သည်။ ယင်းအထူးအစည်းအဝေးသို့ အာဆီယံဒေသတွင်း ခေါင်းဆောင်များနည်းတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့သည်။
-
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင်ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင် များ၏ အထူးအစည်းအဝေးမှ ဘုံသဘောတူညီချက် ငါးရပ်ကို ရရှိခဲ့သည်။ အဆိုပါအချက်ငါးချက်မှာ -
(၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊
(၂) သက်ဆိုင်သူများအကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊
(၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီကို ရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊
(၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီများပေးရန်၊
(၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံသို့သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက်များ ဖြစ်သည်။
-
ယခုကဲ့သို့ ဘုံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် သုံးနှစ်ကျော်ရှိလာ သော်လည်း မည်သည့်အချက်ကိုမျှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးဟုဆိုကာ အာဆီယံ၏လုပ်ဆောင်မှုများအပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ ထိုသို့ ဝေဖန်မှုများမြင့်တက်လာသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူချိန် နောက်ဆုံးကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ နည်းဗျူဟာသစ်တစ်ခုကို အာဆီယံခေါင်းဆောင် များက ချမှတ်ခဲ့ကြဟန်တူသည်။
-
မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ၃ နိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောကြားခဲ့သည်။ ၃ နိုင်ငံဟုဆိုရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနှင့် နောင်အလှည့်ကျဥက္ကဋ္ဌတို့က ပူးပေါင်းဖြေရှင်းမည် ဖြစ်သည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး သတင်းထောက်များနှင့် တွေ့ဆုံ ချိန်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
===
အဆိုပါဆုံးဖြတ်ချက်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုပုံစံအသစ်ဖြစ်ပြီး မြန်မာ့ အရေးကို ပိုမိုစဉ်ဆက်မပြတ် စီမံခန့်ခွဲစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အာဆီယံချဉ်းကပ်မှု ပုံစံသစ်အရ ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က မြန်မာ့အရေးကို ပူးတွဲ ကိုင်တွယ်ရမည်ဖြစ်သည်။
-
သို့သော် ထွက်ပေါ်လာသည့် သတင်းအရ ယခုဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့မှ အိမ်ရှင်အင်ဒိုနီးရှားအပြင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့သာပါဝင်ပြီး လက်ရှိအလှည့်ဥက္ကဋ္ဌ လာအိုနိုင်ငံ ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိ ရသည်။ ယခုဆွေးနွေးပွဲသို့ တက်ရောက်မည့် အထူးသံတမန်များကို ကြည့်ပါက အာဆီယံ ၃ နိုင်ငံအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့ ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာအရေးတွင် အဓိကအရေးပါသည့် တရုတ်နိုင်ငံ ပါဝင်ခြင်းမရှိသကဲ့သို့ တရုတ်နှင့်နီးကပ်သော ဆက်ဆံရေးရှိသည့် လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံ ပါဝင်ခြင်းမရှိသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အနောက်ယိမ်းအုပ်စု တစ်ဖက်တည်းကိုသာ ပါဝင်စေသကဲ့သို့ ဖြစ်နေသည်။
-
၎င်းအပြင် အတိုက်အခံဘက်ခြမ်းဖြစ်သည့် NUG ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား ပါဝင်ရန်ဖိတ်ကြားထားသော်လည်း နစက အစိုးရအား ဖိတ်ကြားထားသည်ဟု ကြားသိရခြင်း မရှိမှုကလည်း အဓိကစိုးရိမ်စရာ ဖြစ်နေသည်။ အပြုသဘောဆောင်သည့် ဆွေးနွေးပွဲတစ်ရပ်သည် အားလုံး ပါဝင်နိုင်ရေးကိုသာ ရှေးရှုရမည် ဖြစ်သည်။
-
ထို့ကြောင့် ယခုအစည်းအဝေး၏ ရည်ရွယ်ချက်ကို ဆန်းစစ်ရန် လိုအပ်လာသည်။ နဂိုကတည်းက အားလုံး ပါဝင်နိုင်ရေးမရှိသည့် အစည်းအဝေးသည် အပြုသဘောဆောင်သည့် ရည်ရွယ်ချက်သို့ ဦးမတည်လျှင် ပြဿနာကို ဖြေရှင်းရေးထက် (တစ်ဘက်ကို အားပေးကာ အခြားတစ်ဘက်ကို ဖိနှိပ်လျက် ပြဿနာကို ပိုမိုကြီးထွားလာစေရန်သာ ပို၍ ဖြစ်နိုင်သည်။)
-
အစည်းအဝေး၏ ပထမဆုံးဖြစ်နိုင်ဖွယ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာအရေးဖြစ်အောင် မီးမောင်းထိုးကာ ဆွဲတင်ရန်ဖြစ်နိုင်သည်။ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီပြဿနာအား ယင်းကဲ့သို့ပင် နိုင်ငံတကာအရေးဖြစ်အောင် ပြုလုပ်လျက် ICC နှင့် ICJ ရောက်အောင် တွန်းပို့ခဲ့ကြဖူးသည်။ (သို့သော် အစ္စရေး၏ ဂါဇာ စစ်ဆင်ရေးကိုမူ အနောက်အုပ်စုက အားပေးအားမြှောက်ပြုကြသည်။)
-
သိသာထင်ရှားသည့် ဒုတိယရည်ရွယ်ချက်မှာ လက်ရှိမြန်မာနိုင်ငံ နစက အစိုးရ၏ အတိုက်အခံများအား မဟာမိတ်အင်အားစုတစ်ရပ်အဖြစ် စုစည်းပေးရန် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အစိုးရက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် NUG လက်အောက်ရှိ PDF အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စက်တင်ဘာ ၂၆ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်း ထားသည်။ ယင်းကဲ့သို့သော အချိန်တွင် အတိုက်အခံများနှင့် နစက အစိုးရတို့ နိုင်ငံရေးအရ ဆွေးနွေးရေးကို တွန်းအားပေးရမည့်အစား အတိုက်အခံအင်အားစုဟူသည့် ဘက်တစ်ဘက်တည်းကိုသာ ဖိတ်ကြားလျက် ၎င်းတို့အား မဟာမိတ်အဖြစ် စုစည်းပေးရန် ကြီးမှူးပေးသကဲ့သို့ ဖြစ်နေသည်။
-
တတိယရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးအပေါ် ဝင်ရောက်စွက်ဖက်လျက် ဩဇာလွှမ်းမိုးရန်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒပြကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်ပုန်ကန်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိသည်။ ယင်းကဲ့သို့သော အနေအထားတွင် အတိုက်အခံတစ်ဘက်တည်းကိုသာ အသိအမှတ်ပြု ဖိတ်ခေါ်ခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ဟူသည့် ရည်ရွယ်ချက်ကို လှစ်ပြနေသကဲ့သို့ ရှိသည်။ ၎င်းအပြင် မြန်မာနိုင်ငံအရေး၌ အရေးအပါဆုံး ပြည်ပနိုင်ငံဟု ဆိုရမည့်အပြင် မြန်မာနိုင်ငံနှင့် နီးကပ်သည့်ဆက်ဆံရေး ရှိသော တရုတ်နိုင်ငံကို အစည်းအဝေး၌ ထည့်သွင်းမှုမရှိခြင်းက မြန်မာနိုင်ငံ၏နိုင်ငံခြားရေးအပေါ်ပါ စွက်ဖက်လွှမ်းမိုးလိုခြင်း ဖြစ်သည်။ (အနောက်အုပ်စုအနေဖြင့် မြန်မာနိုင်ငံအရေးကပို စိတ်ဝင်စားရခြင်းတွင် တရုတ်၏ အင်အားကြီးထွားလာမှုကို တန်ပြန်ရန်က အဓိကအချက်တစ်ချက်အဖြစ် ပါဝင်သည်။)
===
စတုတ္ထနှင့် နောက်ဆုံးရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုဆိုးရွားလာအောင် ကဖျက် ယဖျက်လုပ်ရန် ဖြစ်သည်။ နစက အစိုးရက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် NUG လက်အောက်ရှိ PDF အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ် ကမ်းလှမ်းထားပြီး မြန်မာနိုင်ငံမှ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအပေါ် ဩဇာလွှမ်းမိုးမှုရှိသည့် တရုတ် နိုင်ငံကလည်း အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တောင်းဆိုထားသောကြောင့် မြန်မာနိုင်ငံ၏အခြေအနေက အကောင်းဘက်သို့ မျှော်လင့်လာ နိုင်သည်။ သို့သော် တရုတ်နိုင်ငံ ပါဝင်ခြင်းမရှိသည့် အနောက်ယိမ်းအုပ်စု၏ ယခုအစည်းအဝေးက အတိုက်အခံတစ်ဘက်ခြမ်းတည်းကိုသာ ဖိတ်ခေါ်ထားသည့်အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမို ဆိုးရွားလာအောင် ကဖျက်ယဖျက်လုပ်ရန် ရည်ရွယ်ပုံရသကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိရသည်။
-
မည်သို့ပင်ဆိုစေကာမူ၊ ဂျကာတာအစည်းအဝေးက မြန်မာနိုင်ငံအရေးအတွက် အပြုသဘောဆောင်ပါမည် လားဆိုသည်ကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် စောင့်ကြည့်ရန်သာ ရှိပါတော့သည်။