ပြည်သူ့စစ်မဟာဗျူဟာ

Views




ပြည်သူ့စစ်မဟာဗျူဟာ ဆိုတာ နိုင်ငံတော်ကာကွယ်ရေးမူဝါဒပါ၊ အခုမှ ပြဌာန်းလာတာတော့ မဟုတ်ပါဘူး။ နဝတ နအဖ ခေတ်ထဲက ပြဌာန်းခဲ့တယ်။

-

ပြည်သူ့စစ်မဟာဗျူဟာကို နားလည်လွယ်အောင် ပြောရရင် နိုင်ငံတော်ကို ပြည်တွင်း / ပြည်ပ အန္တရာယ်တွေ ကျရောက်လာပါက တပ်မတော်ရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်နဲ့ ပြည်သူ လက်တွဲပြီး ပြည်တွင်း ပြည်ပရန်တွေ ကာကွယ်ကြဖို့ ရည်ရွယ်ပြဌာန်းခဲ့တာ ဖြစ်တယ်။
  


-

တနည်းပြောရရင်တော့ တိုင်းပြည်အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အခါ တပ်မတော်ရဲ့ အားတစ်ခုတည်းနဲ့ နိုင်ငံ့ရန်ကာကွယ်ဖို့ မပြည့်စုံ၊ မလုံလောက်တော့လို့ ဒေသခံပြည်သူလူထုဟာ ကိုယ့်ရပ်ကိုယ့်ရွာ/ကိုယ့်ဒေသ ကို ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး ကာကွယ်ဖို့ ပြင်ဆင်ထားရမယ်။ ဒီလို တိုင်းပြည်ရဲ့ အတွင်းပိုင်းဒေသတွေက ပြည်သူလူထုတွေဟာ ပြည်သူ့စစ်တွေ ဖွဲ့ပြီး ကိုယ့်ရပ် ကိုယ့် ဒေသတွေ ကို ကာကွယ်နိုင်မှသာ တပ်မတော် က လည်းအရေးကြီးတဲ့ ရှေ့တန်းကျကျနေရာတွေက ပြည်တွင်းပြည်ပရန်တွေကို စိတ်ချလက်ချနဲ့ တိုက်ခိုက်

နှိမ်နင်း နိုင်မှာပဲ ဖြစ်ပါတယ်။

-

ဒါကို ရည်ရွယ်ပြီး ပြည်သူ့စစ်တွေ ဖွဲ့စည်းနေတာဖြစ်တယ်။ လက်ရှိ တိုင်းပြည်အခြေအနေက သာမာန်အခြေ အနေ မဟုတ်ဘူး။ အရေးပေါ်အခြေအနေ ၊ အရေးပေါ်အချိန်မို့ ကိုယ့်ရပ်ကိုယ့်ရွာကို စစ်ကိုင်းတိုင်းထဲက မြို့ရွာအချို့လို၊ ကယားပြည်နယ်ထဲက မြို့ရွာတွေလို Failed State မဖြစ်အောင် ဒေသခံတွေကို စစ်ပညာသင်ကြားပေးပြီး ပြည်သူ့စစ် ဖွဲ့ပေးနေတာ ဖြစ်တယ်။

-

အလကားသက်သက် လုပ်တာ မဟုတ်ပါဘူး။


-

ဒါကို မနာလိုမရှုစိတ် သူတွေက ဖွဲ့စည်းတော့မယ့် ပြည်သူ့စစ်တွေဟာ ရှမ်းမြောက်မှာပဲ သွားတိုက်ရတော့ မလိုလို၊ တပ်ထဲပဲ ဝင်ရတော့မလိုလို မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်ချိနေကြတာတွေ့ရတယ်။ တစ်ချို့လည်း ဒီလို လုပ်ရမှာစိုးလို့ ထွက်ပြေးနေကြတယ်လို့ ညောင်လေးပင်ဘက်က ဒေသခံတွေ မေးလာ ပြောလာကြလို့ အခုလို ရှင်းပြနေရတာ ဖြစ်ပါတယ်။

-

ကိုယ့်အသက်အန္တရာယ် ၊ ကိုယ့်မိသားစုအသက်အန္တရာယ်၊ ကိုယ့်ရပ် ၊ ကိုယ့်ရွာ ၊ ကိုယ့်ဒေသအန္တရာယ် မကျရောက်ဖို့၊ လုံခြုံမှုရှိစေဖို့၊ အိုးမကွာ၊ အိမ်မကွာနဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ပြည်သူ့စစ် ဖွဲ့စည်းနေတယ် ဆိုတာကိုနားလည် သဘောပေါက်ကြဖို့ ပြောချင်ပါတယ်။

-

ဒီနေရာမှာ တစ်ချို့ဖရဲသီးဝန်ထမ်းတွေက ရပ်ကျေးတွေနဲ့ ပေါင်းပြီး လုပ်စားနေတာတွေကိုလည်း ဖော်ထုတ် အရေးယူဖို့ လိုတယ်။

-

ဘယ်လို လုပ်စားနေသလဲ ဆိုတော့ ပြည်သူ့စစ်ကို စည်းရုံးပြီး ဖွဲ့စည်းခိုင်းထားတာကို အတင်းအကြပ်ကြီး မလုပ်မနေရ၊ မလုပ်ရင် ငွေဘယ်လောက်ပေး ဆိုတာမျိုး ပဲခူးတိုင်းထဲက မြို့နယ်အချို့မှာ ကြားနေရတယ်။ ဒါမျိုးငွေတွေတောင်းပြီး အကြံအဖန် ရှာနေတာတွေကို အမြန်ဆုံးဖော် ထုတ်ပြီး ထိထိရောက်ရောက် အရေးယူ စေချင်တယ်။

-

နောက်ဆုံး ​အကြံပေးချင်တာက နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ပြည်သူတစ်ရပ်လုံး သိရှိအောင်၊ ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် မူဝါတွေရှင်းရှင်းလင်းလင်းချပြပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လုပ်ပေးသင့်တယ်။ ဒေသအာဏာပိုင်တွေနဲ့ ဒေသခံတပ်တွေဟာ ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ်၊ ဘယ်လောက်အရေးကြီးနေသလဲ ဆိုတာတွေကို တိတိကျကျ ချပြပေးစေချင်ပါတယ်။

-

ဒါမှသာ ပြည်သူ့စစ် မဟာဗျူဟာကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်သလို ပိုမို ပြည့်စုံတဲ့ ပြည်သူ့လုံခြုံရေးစနစ်ကိုလည်း ဖန်တီးပေးနိုင်မှာပဲ ဖြစ်ပါတယ်။



အောင်နိုင်သူ(ဇွဲကပင်)

Post a Comment

Previous Post Next Post