တိမ်တိမ်လေးမတွေးနဲ့

Views


ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ၁၀၂၇ စစ်မှာ တွေးစရာတွေများပါတယ်။
-
KIA က ကွတ်ခိုင်ခလရ ၁၂၃ ကိုဝင်တိုက်နေသလို မဘိမ်းကိုလည်း တိုက်နေတယ်။
-
ကချင်သူပုန် KIA က ရှမ်းပြည်ကိုလာတိုက်တာ ရှမ်းမြောက်ကိုစစ်တပ်က လက်လွှတ်ရရင် ငါလည်းရသလောက် နေရာဦးထားမှဆိုတဲ့ပုံလား၊ AA လို သူ့အတွက်လည်းလာမယ်လို့ သဘောတူညီချက်ရှိလို့လား တွေးစရာ ဖြစ်နေတယ်။
-
ကချင်သူပုန်က ရှမ်းပြည်ထဲစစ်လာတိုက်တာ အကြောင်းမဲ့အသက်လာအသေခံပြီး လာကူညီနေတာတော့ မဖြစ် နိုင်ဘူး။ ရှမ်းမြောက်မှာ အပစ်ရပ်တော့ အခုရခိုင်မှာ လက်နက်စက်ရုံအများကြီးကနေ ထုတ်ပေးလိုက်သလို များပြားတဲ့လက်နက်အင်အားနဲ့ ရခိုင်တောင်ပိုင်းထိအောင် AA တွေစစ်မျက်နှာချဲ့လာတယ်။
-
တလောက AA တို့ လက်နက်အများအပြားမိတယ်ဆိုပြီး Fb မှာတင်တယ်။ အဲ့ဒီလက်နက်တွေက စစ်တပ်က မိတာမဟုတ်ဘူး ယူကရိန်းကလက်နက်တွေကို Photoshot နဲ့လုပ်ထားတာလို့ ပြောတဲ့သူတွေလည်းရှိခဲ့တယ်။ တကယ်ကိုစစ်တပ်ဖက်က လက်နက်တွေမဟုတ်ဘူးဆိုရင် တရုတ်ထောက်ပံ့ပေးထားတာကော မဖြစ်နိုင် ဘူးလားလို့ တွေးတယ်။ တရုတ်က BRI အတွက်ရခိုင်ကိုလည်း ရှမ်းမြောက်မှာလုပ်သလိုလုပ်မှာပါ။
-
KIA ကလည်း သူတို့ AA လို အလှည့်ရောက်လာမယ်ဆိုတဲ့စိတ်ကြောင့် ဝင်ကူညီတာလားလို့လည်း တွေးလို့ရတယ်။ KIA/O နဲ့ SSPP တို့မြောက်သုံးဖွဲ့နဲ့ လာပူးပေါင်းပြီး စစ်တပ်ဖွဲ့ထားတယ်လို့ ကြားထားတယ်။
-
နမ့်ခမ်းမှာ ရှမ်း (SSPP) အဖွဲ့က ဆက်ကြေးကောက်ပြီး စစ်သားလာစုဆောင်းလာတယ်။ ဒါကိုနမ့်ခမ်းကို စစ်တိုက်ပြီးယူထားတဲ့ ပလောင် (TNLA) က မလုပ်ဖို့စာထုတ်တယ်။ မြောက်သုံးဖွဲ့ ၁၀၂၇ လုပ်တော့ SSPP မပါဘူး။ နယ်မြေတွေသိမ်းပြီးမှ SSPP ကလူလာစုတယ်ဆို TNLA ကလည်းအမြင်တမျိုး ဖြစ်မှာပဲ။ ရှမ်းပြည်နမ့်ခမ်းမှာ ရှမ်းတွေအများစုနေပေမယ့် အဲ့ဒီနေရာကို တိုက်ယူထားတာ TNLA အဖွဲ့ ဖြစ်နေတယ်။ ငါတို့တိုက်ယူထားတာ မင်းတို့ကဘာလို့ အခွန်လာကောက်တာလဲဆိုတဲ့ ပုံဖြစ်လာတယ်။ ရှမ်းတွေကို ပလောင် (TNLA)တွေက အုပ်ချုပ်မယ်ဆိုရင်လည်း တမျိုးဖြစ်နေပြန်တယ်။ ဘာတွေဆက်ဖြစ်အုံးမလဲမသိဘူး။ အချင်းချင်း လို့ပြောရမယ့် သူတွေပြဿနာတွေ ရှင်းကြရလိမ့်အုံးမယ်ထင်တယ်။
-
UWSA ခေါ်တဲ့ ဝ ကလည်း ဟိုပန်၊ ပန်လုံကို သိမ်းပြီးကိုယ့်ဖာသာကိုယ် ဝ ပြည်နယ် လို့ပြောတယ်။ ဘယ်လွှတ်တော်က အတည်ပြုလိုက်လို့ ဝ ပြည်နယ် ဖြစ်သွားတာလဲ။ ကိုးကန့်ကလည်း အရင်သူ့နေရာ လောက်ကိုင်၊ ကုန်ကြမ်း လောက်တင်မကဘူး ရှမ်းပြည်မြောက်ပိုင်း တစ်ခုလုံးနီးပါး သိန္နီအထိ အလိုရှိလာတာမျိုးတွေ့ရတယ်။ TNLAက သူ့နေရာနမ့်စမ်မှ မဟုတ်ဘူး နမ့်ခမ်း၊ နောင်ချိုထိလိုချင်လာတာ မြင်ရတယ်။ AA ကပလက်ဝကို အလိုရှိတာတွေ့ရတယ်။ ပလက်ဝက ချင်းပြည်နယ်ပါ။
-
လက်နက်ကိုင်သူပုန်တွေ နယ်မြေလုနေကြတယ်။ ဆီဆိုင်မှာလည်း PNO နဲ့ PNLO တို့စစ်ဖြစ်နေတယ်။ SSA နဲ့ SSPP ပူးပေါင်းတာကော ရေရှည်သဘောထားနဲ့ ရပ်တည်ချက်တူပါ့မလား။
-
KNU က အမေရိကန်ယိမ်းဆိုပေမယ့် စောနယ်ဓားမြအဖွဲ့ KNLA က တရုတ်မွေးထားတာ။ မြောက်ပိုင်း ပူးပေါင်းအဖွဲ့မှာ ဘယ်ဗမာတော်လှန်ရေးအဖွဲ့မှမပါဘူး။ ဗမာတော်လှန်ရေးအဖွဲ့ကို ခိုင်းကောင်းလို့ ခနခေါ်ခိုင်း တာမျိုးလိုဖြစ်နေတယ်။ စစ်ကိုင်းတိုင်းကိုလည်း KIA က ခိုင်းလို့ရတဲ့သူတွေကို လက်နက်ထုတ်ပေးပြီး ခိုင်းထားတယ်။ ရှမ်းပြည်နမ့်ခမ်းမှာ ရှမ်းသူပုန် SSPP လာအုပ်ချုပ်သလို လူစုအခွန်ကောက်လုပ်တော့ ငါတို့တိုက်ယူ ထားရတာဆိုတဲ့ TNLA ကခွင့်မပြုဘူးဆိုတဲ့ သဘောထားကမြင်သာတဲ့ သာဓကပါ။
-
မြန်မာနိုင်ငံကြီးကို သူတို့လက်နက်ကိုင်သူပုန်အဖွဲ့တွေ တိုက်ယူလိုက်နိုင်ပြီ ဆိုပါတော့။ နိုင်ငံခြားရောက်နေတဲ့ အစိုးရဆိုတဲ့အဖွဲ့က နေရာလာယူရင်ရမယ်ထင်လား။ ကိုယ်တိုင်တွေးကြည့်ကြပေါ့။
-
တိုင်းရင်းသားတွေက သူ့ပြည်နယ်မှာ သူဖက်ဒရယ်ပုံစံ အုပ်ချုပ်ချင်တယ်ဆိုတာ စကားသာဖြစ်တယ်ဆိုတာ ပေါ်လွင်လာတယ်။ ဖက်ဒရယ်ပုံဖော်ဖို့က ၂၆၁ တစ်ခုပြင်ရင်ကို အတော်ခရီးရောက်ပါတယ်။ သူပုန်တွေရတဲ့ နေရာရသလောက်ယူမယ်ဆိုတဲ့ ပုံဖြစ်လာတယ်။ အခုဖြစ်နေတာ ဗရမ်းဗတာနဲ့ရသမျှယူသာထား၊ ကိုယ်ရကိုယ်ယူ ဆိုတဲ့ ပုံစံပါ။ တွေးစရာက တိုင်းရင်းသားအားလုံးရဲ့ သဘောထားလား တရုတ်ခိုင်းစေတာလားဆိုတာ။ သတိထားရမှာကလူ့လောဘကို။ လက်နက်ကိုင်သူပုန်တွေ လောဘကြီးလာတာ မြင်လာရသလို တရုတ်ကော လောဘကြီးမလာနိုင်ဘူးလား။
-
ရှမ်းမြောက်အရေးက ရပ်သွားဖို့ထက် ပိုဆိုးလာနိုင်တယ်ဆိုတဲ့ဖက် တစ်ခုရှိနေသေးတယ်။ လူ့လောဘအရ ရသလောက်အကုန်ယူမယ် ဆိုတာမျိုးကြောင့် တရုတ်နဲ့လက်ဝေခံတွေ နောက်ထပ်တစ်ဆင့် ထပ်တက် လာနိုင်ပါသေးတယ်။
-
ရှမ်းမြောက်သံလွင်မြစ်အရှေ့ခြမ်းကို လွယ်လွယ်လိုရသွားတဲ့ တရုတ်နဲ့လက်ဝေခံတို့က ပိုကြီးတဲ့အင်အားစုပြီး နယ်မြေပိုချဲ့လာနိုင်သေးတယ်။ ဒါကြောင့် ပြင်ဆင်ထားသင့်တယ်။ စစ်မှာဘာကိုမှ ယုံကြည်လို့မရဘူး။ သူတို့ကိုသွားမစမ်းနဲ့ အသက်အသေခံပြီး ပြန်ချတာဆိုတဲ့ မြန်မာစစ်တပ် ပြန်ဖြစ်လာဖို့လည်းလိုတယ်။ ဒါအခုဖြစ်နေတဲ့ ပြည်တွင်းစစ်အတွက်ပဲ မဟုတ်ဘူး မြန်မာနိုင်ငံစစ်တပ်ဆိုတာ ဒီလိုဆိုတဲ့အဆင့်အနေအထား ကမ္ဘာမှာရှိနေစေဖို့။
-
မြန်မာနိုင်ငံမြေပုံပါ ပြောင်းသွားနိုင်တဲ့ထိ ပယောဂတွေ ပါလာရတဲ့ပြဿနာတွေက ဗမာဆိုတဲ့သူတွေကြောင့် ဆိုတဲ့ အကြောင်းလည်းသမိုင်းမှာ ပါလာလိမ့်မယ်။ လက်ရှိမြန်မာနိုင်ငံထဲမှာ ဖြစ်နေတာတွေကို တိမ်တိမ်နဲ့ မတွေးကြဖို့လိုတယ်။

မိုးတင့်ဆွေ(ရန်ကုန်တက္ကသိုလ်)

Post a Comment

Previous Post Next Post