ကာ/လုံက ဘာထူးလို့လဲ

Views






ကာ/လုံက ဘာထူးလို့လဲ ဆိုပြီး ပြောနေကြတာ အတွေ့များလို့ပါ။ မြို့နယ်ပေါင်း ၃၀ ကျော်လောက်ကို ဘယ်ဘက်ကမှ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ တရားဥပဒေစိုးမိုးမှုတွေ မတည်ဆောက်နိုင်တဲ့ အခြေအနေမှာ ကာ/လုံ သက်တမ်းတိုးစရာလမ်းတစ်ခုတည်း ရှိနေတာ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် သက်တမ်းမတိုးခင်အချိန်တုန်းက ကာ/လုံခေါ်ပြီး ကြားဖြတ်အစိုးရ ပုံစံမျိုးဖွဲ့နိုင်တယ်ဆိုတဲ့ အသံတွေလည်း ပြည်သူတွေ ကြားထဲမှာ “သို့လော့၊ သို့လော” ဖြစ်ခဲ့တယ်။ သန်းကောင်စာရင်းကိစ္စရှိနေတာရယ်၊ သာမန် မဟုတ်တဲ့ အခြေအနေတွေ ကြောင့် ဒီလိုမျိုးမဖြစ်နိုင်ဘူးလို့ ကြိုတင်ကောက်ချက် ချမိသလိုပဲ ပုဒ်မ ၄၂၅ ကို အသုံးချပြီး နစကရဲ့ သက်တမ်းကို (၆)လထပ်ပြီး အသက်သွင်းခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် ခုရေးပြချင်တဲ့အကြောင်းအရာတွေက ကာ/လုံမှာ ဆွေးနွေးခဲ့ကြတဲ့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေတွေကို ဒေတာမှတ်တမ်း အဖြစ် ရှင်းပြချင်ရုံသပ်သပ်သာ ဖြစ်တယ်ဆိုတာ သိထားစေချင်တယ်။

------

မနေ့က ကျင်းပတဲ့ ကာ/လုံမှာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား EAOs တွေရဲ့အခြေအနေတွေကို အကုန်ရှင်းပြခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် MNDAA ရဲ့ စစ်ဘုရင်ဝါဒ အသက်သွင်းမှုတွေ၊ TNLA ရဲ့ ပြည်နယ်အဆင့် ထပ်တိုးရလိုမှုတွေ၊ AA ရဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်တွေ ဖောက်ဖျက်ပြီး စစ်ပွဲစတင်မှုတွေနဲ့ KNU ရဲ့ အကြမ်းဖက်အားပေးကူညီမှုဆိုတဲ့ ကိစ္စရပ်တွေက လူတိုင်း သိပြီးသား အရာတွေဖြစ်လို့ ထွေထွေထူးထူး ရေးမပြလိုတော့ဘူး။ အွန်လိုင်းလောင်းကစားကိစ္စကို အပြီးတိုင်ရှင်းလင်း မယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးကို ကာ/လုံမှာ တရားဝင်ချပြလာပြီဖြစ်လို့ မြဝတီ ဘက်မှာလည်း စစ်ဘောင် ပိုပြီး ကျယ်လာလိမ့်မယ်လို့တော့ အကြမ်းဖျဉ်းခန့်မှန်းမိတယ်။

------

(၃)နှစ်တာကာလအတွင်း လူအသက်ဆုံးရှုံးမှု ပမာဏ

------

ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ နစက အစိုးရရဲ့ အာဏာထိမ်းသက်တမ်းကာလ ၃ နှစ်ပြည့်တဲ့ နေ့ ဖြစ်တယ်။ ဒီ ၃ နှစ်တာ ကာလထဲမှာ ဝမ်းနည်းစရာအကောင်းဆုံးကတော့ ရဟန်း/သံဃာ ၇၇ ပါး၊ သီလရှင် ၂ ပါး၊ ပြည်သူ ၅၆၇၇နဲ့ နိုင်ငံဝန်ထမ်း ၁၁၂၄ ဦးအထိ သေဆုံးခဲ့လို့ စုစုပေါင်း ၃ နှစ်အတွင်းမှာ လူပေါင်း ၆၈၈၀ ဦးအထိ သေဆုံးခဲ့တာတွေ့ရတယ်။ နိုင်ငံပိုင်အဆောက်အဦတွေဆိုရင်လည်း ဆက်သွယ်ရေးတာဝါတိုင် ၅၅၉ ခု၊ ကျန်းမာရေး အဆောက်အဦ ၅၃ ခု၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား ၁၄၈၇ နဲ့ စာသင်ကျောင်းပေါင်း ၆၇၀ ထိ ဖျက်စီးခြင်းခံခဲ့ရတယ်လို့ တွေ့ရတယ်။ နိုင်ငံရေး အယူအဆ ကွဲလွဲမှုကနေ လက်နက်ကိုင်လမ်းစဉ်အထိ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး ပြဿနာ ထဲမှာ ၂၀၂၃ ဩဂုတ်ကနေ ၂၀၂၄ ဇန် အထိ ၅ လတာ ကာလအတွင်းမှာ ပြည်သူ ၅၂၀ သေဆုံးခဲ့တာဖြစ်လို့ လ ၁ လအတွင်းမှာ ပြည်သူအယောက် ၁၀၀ ကျော် သေဆုံးတယ် ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ ဆိုတော့...ဒါတွေဟာ နိုင်ငံ့အတွက်တော့ ကြောက်ခမန်းလိလိ သေဆုံးနှုန်းဖြစ်ပါတယ်။

----------------

နောက်တစ်ခုကတော့ လက်ရှိ ပါတီတွေရဲ့ ရပ်တည်မှု အနေအထားဖြစ်ပါတယ်။ UEC ရဲ့ နည်းဥပဒေတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပြန်လည်လျှောက်ထားတဲ့ ပါတီ ၅၀ ရှိပြီး အသစ်လျှောက်ထားတဲ့ ပါတီ ၁၅ ပါတီ ရှိတာမို့ စုစုပေါင်း ၆၅ ပါတီ စာရင်းရှိ ဖြစ်ပါတယ်။ ပြန်လည်လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ကတော့ မှတ်ပုံတင်စာရင်းကနေ အဖျက်ခံရပြီး ဖြစ်ပါတယ်။ ၆၅ ပါတီထဲက ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်တာကို တော့ ဆက်လက်စစ်ဆေးဆဲအနေအထားဖြစ်ပါတယ်။ ကြားထဲမှာ ၂ ပါတီကတော့ ခေါင်းဆောင်းပိုင်းအပြောင်းအလဲဖြစ်ခဲ့လို့ ပယ်ဖျက်ခွင့်လျှောက်ထားခဲ့တာမို့ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီက ၄၅ ပါတီဖြစ်ပါတယ်။

-----------

မှန်းဆ သုံးသပ်ချက်

------------

ပြည်သူ့ကာကွယ်ရေးစနစ်နဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဖို့ လိုအပ်နေပြီလို့ပဲ တွေးမိပါတယ်။ ပြည်လုံးကျွန်သန်းကောင်စာရင်းကောက်ယူနိုင်ဖို့ ၂၀၂၄ ဟာ နစကအတွက် နောက်ဆုံး TARGET နှစ်ပါပဲ။ ဒီတစ်နှစ်ထဲမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို မလုပ်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း ပိုပြီး ဝေးသွားမယ့် အနေအထား ဖြစ်ပါတယ်။ 







(နရီမိုး)

Post a Comment

Previous Post Next Post