Views
၁။ လွတ်လပ်ရေးရပြီး လေးနှစ်အကြာမှာ မြန်မာနိုင်ငံ့ရေးအခြေအနေဟာ ပြည်ပကျူးကျော် စစ်တစ်ခုကို ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု ပြဿနာကို အဖြေရှာရင်းနဲ့ ခုလက်ရှိ ရင်ဆိုင်နေရသလိုပဲ ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရဖူးတယ်။ အမှန်တကယ်တော့ ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ တရုတ်နိုင်ငံမှာ ကူမင်တန်လို့ ခေါ်တဲ့ တရုတ်ဖြူအစိုးရနဲ့ ကွန်မြစ်နစ်ပါတီတို့ကြားမှာ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ရာကနေ မြန်မာပြည်ကို ကူးစက်ခဲ့တဲ့ စစ်မီးလည်း ဖြစ်ခဲ့တယ်။ တနည်းအားဖြင့်ဆိုရင် အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ ပြည်တွင်းစစ်ကနေ ဘေးနိုင်ငံငယ်ဖြစ်တဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၁ နှစ်ကြာ လွှမ်းမိုး ကျူးကျော်ခဲ့တဲ့ ကျူးကျော်စစ်တစ်ခုလို့ သတ်မှတ်မယ်ဆိုရင်လည်း မှားနိုင်ဖွယ်မရှိဘူး။
၂။ မြန်မာနိုင်ငံပိုင်နက်ကို ကျူးကျော်လာတဲ့ တရုတ်ဖြူတွေဟာ တာချီလိတ်မြို့ကို သိမ်းပိုက်ခံရုံသာမကဘဲ မိုင်းဆက်မှာလည်း လေယာဉ်ကွင်းတွေ ပြန်လည်ပြုပြင်ပြီး ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်ပျံသန်းသွားလာနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ အထူးသဖြင့် စစ်လက်နက်ပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူပို့ဆောင်နိုင်ဖို့ ကြိုးစားခဲ့ကြရင်းနဲ့ မြန်မာနိုင်ငံရဲ့ ရှမ်းမြောက်ဒေသဖြစ်တဲ့ “ဝ”ဒေသ၊ ကိုးကန့်ဒေသနဲ့ သိန္နီမြို့တွေအထိ ဖြန့်ကျက်လာခဲ့ကြတယ်။ သူတို့ရဲ့ အဓိက စစ်ရေးရည်မှန်းချက်ဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက နယ်ခြားဒေသတွေကို ခြေကုတ်ရယူပြီး တရုတ်နိုင်ငံကို ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာလည်းဖြစ်တယ်။ ဒီရည်မှန်းချက် ကိုအောင်မြင်စေဖို့ တရုတ်ဖြူတွေရဲ့ နောက်ကွယ်မှာ အမေရိကန် နိုင်ငံကပါ စစ်ရေးဆိုင်ရာ အထောက်အပံ့တွေပေးအပ်နေခဲ့သလို လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ထိုင်းနိုင်ငံကနေ မိုင်းဆက်ကို အဆင့်ဆင့် ပို့ဆောင် ကူညီပေးခဲ့ကြတာဖြစ်တယ်။ ဒီလိုပြည်ပကျူးကျော်စစ်ကို အချိန်မီဟန့်တားနိုင်ဖို့ အတွက် ဖဆပလ ဦးဆောင်တဲ့ မြန်မာအစိုးရဟာ ၁၉၅၃ ခုနှစ် မတ်လ မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြခဲ့သလို မြေပြင်မှာလည်း ၁၉၅၄ နဲ့ ၁၉၅၅ ခုနှစ် ကာလ တွေမှာ ကူမင်တန် ကျူးကျော်မှုကို ရှင်းလင်းဖို့အတွက် မြန်မာ့တပ်မတော်ဟာ ကျိုင်းတုံစစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ယုဇန စစ်ဆင်ရေး၊ ဆင်ဖြူရှင် စစ်ဆင်ရေးနဲ့ ရန်ကြီးအောင်စစ်ဆင်ရေး ဆိုပြီး စစ်ဆင်ရေးပေါင်း မြောက်များစွာ ဆင်နွှဲခဲ့ကြရတယ်။ အထူးသဖြင့် ၁၉၆၁ ခုနှစ်က မြန်မာ့တပ်မတော်(လေ)မှာ ဗိုလ်ပီတာ ဦးဆောင်ခဲ့တဲ့ လေကြောင်းတိုက်ပွဲဟာ ကူမင်တန်တွေကိုရိက္ခာချပေးနေတဲ့ အမေရိကန် ဗုံးကြဲလေယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့အထိ တခမ်းတနား အောင်ပွဲဆင်နိုင် ခဲ့ဖူးတယ်။
၃။ မြန်မာနိုင်ငံဟာ အင်ဒိုပစိဖိတ်မဟာဗျူဟာရဲ့ ပေါင်းကူးနေရာ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှတို့ရဲ့ ဆက်စပ်နေရာ၊ အင်အားကြီးနိုင်ငံနှစ်ခု အကြားမှာ မဟာဗျူဟာအရ တည်ရှိနေလို့ နိုင်ငံရေးအရ စိန်ခေါ်မှုများတဲ့ အခြေအနေ လည်းဖြစ်တယ်။ တကယ်တော့ အပေါ်ကပြည်ပကျူးကျော်စစ်ကို ဘာကြောင့်ပြန်ပြီး ပြောပြနေရသလဲဆိုရင် ..ဒီပြည်ပကျူးကျော်စစ်ကို အကြောင်းပြုပြီး အင်အားကြီး နိုင်ငံနှစ်ခုကြားမှာ ပထဝီအနေအထားအရ တည်ရှိရတဲ့ ကိုယ်တွေနိုင်ငံရဲ့ အချုပ်အခြာ အာဏာမဆုံးရှုံးစေဖို့အတွက် အရေးတကြီး ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေခဲ့ချိန်လည်း ဖြစ်ခဲ့တယ်။ အဲ့ဒီဖြစ်ရပ်နဲ့ အပြိုင် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အချိန်ကိုက် ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ အကြောင်းကတော့ ၁၉၅၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့ဟာ စီးပွားရေးသဘောတူ ညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြတယ်။ ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းဟာ အိန္ဒိယနိုင်ငံကို အလည် အပတ်သွားရောက်ရင်း.. ဝန်ကြီးချုပ် နေရူးနဲ့ကြားမှာ အဆိုပါသဘောတူညီချက် ငါးရပ်ကိုလက်မှတ်ရေးထိုးပြီးထပ်မံ အတည်ပြုခဲ့ကြတယ်။ ၁၉၅၅ ခုနှစ် ဧပြီလ မှာတော့ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ညီလာခံမှာ ထပ်မံဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီသဘောတူညီချက်တွေဟာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် (သို့) ဘန်ဒေါင်းမူ ငါးရပ်ဆိုပြီး ထင်ရှားတယ်။ အဲ့ဒီသဘောတူစာချုပ်မှာ အာရှနဲ့ အာဖရိကက နိုင်ငံပေါင်း (၂၉)နိုင်ငံက သဘောတူလက်မှတ် ရေးထိုးခဲ့ကြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံကို အလည် အပတ်ရောက်ရှိလာတဲ့ ဝန်ကြီးချုပ် ချူအင်လိုင်းရဲ့ ခရီးစဉ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို သဘောတူညီကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ပြီး စတင်ကျင့်သုံးခဲ့တာ တွေ့ရတယ်။ ဆိုတော့…ဘန်ဒေါင်းမူ (၅)ရပ် လို့ပဲပြောပြော၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်လို့ပဲဆိုဆို အတိတ်သမိုင်းရဲ့ ပါဝင်ပတ်သက်ခဲ့မှုမှာ မြန်မာဟာ အစောဆုံးနိုင်ငံအနေနဲ့ ရှိခဲ့တယ် ဆိုတာ တွေ့နိုင်တယ်။
၄။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာတော့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ချမှတ်ခဲ့တဲ့ နှစ်(၇၀)ပြည့်အခမ်းအနားကို နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ တာတွေ့ရတယ်။ နှစ်(၆၀)ပြည့်အခမ်းအနားကိုလည်း တက်ရောက်ခဲ့ဖူးတာဖြစ်လို့ သမ္မတ(ငြိမ်း)ရဲ့ တရုတ်ခရီးစဉ်ဟာ မထူးဆန်းဘူးလို့ ယေဘုယျ ယူဆလို့ ရနိုင်ပေမယ့်လည်း ပထမဒီမိုကရေစီကာလမှာ မြစ်ဆုံ အရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတ(ငြိမ်း) ဦးသိန်းစိန်အပေါ်မှာ ငြိုငြင်မှုရှိခဲ့တဲ့ တရုတ်ဟာ ဒီအခမ်းအနားကို တက်ရောက်ဖို့ ထူးထူးခြားခြား ဖိတ်ခေါ်ခဲ့တာလည်း အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရတယ်။ သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင့်နဲ့လည်း တွေ့ဆုံခဲ့သလို နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ မစ္စတာဝမ်ယိနဲ့လည်း တွေ့ဆုံခဲ့တာ တွေ့ရတယ်။ နှစ်ဖက်တွေ့ဆုံမှုမှာ ဘယ်လိုအကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေး ခဲ့သလဲဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ တကြော့ပြန် ရှမ်းမြောက် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြဖွယ်ရှိတယ်လို့လည်း သုံးသပ်ရ တယ်။ တနည်းအားဖြင့် ဟိုဂင်အပစ်ရပ်သဘောတူညီချက်ကို နောင်ချိုနဲ့ ကျောက်မဲ မြို့တွေကို စတင်တိုက်ခိုက်ခဲ့ခြင်းနဲ့ အပစ်ရပ်ချိုးဖောက်ခဲ့တဲ့ TNLA ရဲ့ လုပ်ရပ် အပါအဝင် နယ်စပ် ကုန်စည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ဖွယ် ရှိတယ် လို့လည်း ယေဘုယျ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေကြတာ တွေ့ရတယ်။
၅။ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးပြီးနောက်ပိုင်း TNLA ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ဇွန်လ ၂၅ ရက်နေ့ကစပြီး နောင်ချိုနဲ့ ကျောက်မဲ ဒေသတွေကို အပြင်းအထန် ထိုးစစ် ဆင်လာတာတွေ့ရတယ်။ တစ်ဖက်မှာလည်း ပြင်ဦးလွင် အထွက်ဘက်မှာရှိတဲ့ ကျောက်ကြမ်းရွာမှာ အခြေပြုတဲ့ တပ်မတော်စခန်းတွေ အပါအဝင် ကျောက်မဲကနေ မိုးကုတ်အထွက် ငြိမ်းချမ်းရေးကုန်းမှာလည်း တိုက်ပွဲ ငယ်တွေ စတင်ဖြစ်ပွားခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် TNLA တပ်ဖွဲ့တွေဟာ မြို့တွင်းရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ဝင်ရောက်နေရာယူနိုင်ဖို့ ကြိုးစားနေသလို မြို့တွင်းမှာ ခံစစ်ဆင်ပြီး ဒေသအခြေစိုက်တပ်တွေကို အပြီးတိုင်သိမ်းပိုက်နေဖို့ ကြိုးစားနေတာတွေ့ရတယ်။ တိုက်ဆိုင်မှုမဟုတ်တဲ့ အခြားအကြောင်းအရာ တစ်ခု ကတော့ တရုတ်နိုင်ငံက ဇွန်လ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Deng Xijun ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပြီး တရုတ်အစိုးရရဲ့ အကျိုးစီးပွားခြိမ်းခြောက်မှုတွေ မြင့်တက်နေတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေ့ခဲ့ရတယ်။ တကယ်တော့ ၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေး စတင်ဖြစ်ပွားခဲ့ကတည်းက ပြည်ပအင်အားကြီးနိုင်ငံရဲ့ အထောက်အပံ့ ပါသလို ဒရုန်းနည်းပညာနဲ့ပတ်သက်ပြီးလည်း ကျွမ်းကျင်သူတွေ အများအပြား ပါဝင် ပတ်သက်ခဲ့တာတွေ့ရတယ်လို့ တာဝန်ရှိသူတွေကိုယ်တိုင် ထုတ်ဖော်ပြော ကြားခဲ့တာ မျိုးရှိခဲ့တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ EAO တွေဟာ ပုံစံအမျိုးမျိုးရှိတဲ့အနက် မြောက်ပိုင်း မဟာမိတ်အဖွဲ့လို့ လူသိများတဲ့ TNLA၊ AA နဲ့ MNDAA အဖွဲ့တွေဟာ တရုတ်ဩဇာ သက်ရောက်မှု မကင်းတဲ့ အဖွဲ့တွေလို့လည်း လူသိများတယ်။ အထူးသဖြင့်တော့ လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းမြောက်စစ်ပွဲတွေဟာ တရုတ်စနက် မကင်းဘူးလို့ ယူဆသူ တွေလည်း ပြည်တွင်းမှာ ဒုနဲ့ဒေး ရှိတာတွေ့ရတယ်။ နစက ဘက်ကတော့ ဟိုဂင် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမှာ နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့အတွက် ခွင့်ပြုပေးထားတာမျိုးမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတိုင်း ဆောင်ရွက် ဖို့ အတွက်သာ ဦးတည်ဆွေးနွေးတာမျိုးလုပ်ခဲ့တာ တွေ့ရတယ်။ တကယ်လို့ နယ်စပ် ကုန်သွယ်ရေးတွေ ပြန်စတင်ချင်ရင် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ အခင်းအကျင်းမျိုးပုံစံ အထိ ပြန်သွားဖို့ ဆွေးနွေးတာမျိုး ရှိခဲ့တယ်။
၆။ လက်ရှိမြေပြင်အရှိတရားကတော့ ၁၀၂၇ ကနေ စတင်ခဲ့တဲ့ ရှမ်းမြောက် စစ်ဆင် ရေးဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးလှုပ်ရှားမှုကို သိသိသာသာ လှုပ်ခတ် စေခဲ့တာတွေ့ရတယ်။ တကယ်လို့သာ တပ်မတော်အနေနဲ့ နောင်ချို၊ ကျောက်မဲ မြို့တွေ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ လားရှိုးလိုမျိုး မြို့ကြီးတွေ ကိုသာ လက်လွှတ်ဆုံးရှုံးခဲ့ရရင် မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းဟာ ပုံစံ တစ်မျိုးပြောင်းသွားဖွယ်ရှိတယ်လို့ သုံးသပ်ရတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အချို့ရဲ့ နယ်မြေပိုင်ဆိုင်မှု ဧရိယာ တဖြည်းဖြည်းကြီးမားလာမှုနဲ့အတူ လက်နက်ကိုင်အစုအဖွဲ့တွေ သွားလိုတဲ့ ကွန်ဖက်ထရိတ်ဆန်တဲ့ ဥပဒေမဲ့ နယ်မြေချဲ့ သိမ်းပိုက်ရယူလိုမှုတွေဟာ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာအတွက် စိုးရိမ်ဖွယ် ရှိတာ၊ အန္တရာယ်ကြီးမားတာ သတိပြုမိတယ်။ ဇွန်လ ၂၈ ရက်နေ့မှာ မိန့်ခွန်းပြောကြား ခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းဟာ ခေတ်သစ်လူ့ဘောင်သမိုင်းအတွက် ယေဘုယျ အားဖြင့် ကောင်းမွန်တဲ့ အစီအမံတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ရနိုင်ပေမယ့်လည်း ကိုယ်တွေပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်စေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးဆောင်ရွက်ပြီး နယ်မြေချဲ့သိမ်းပိုက်မှုအပေါ် မှာ ပြတ်သားတဲ့ သံတမန်ဆိုင်ရာ ကျင့်ဝတ်မျိုးနဲ့ ပြုမူဆက်ဆံသင့်တယ်လို့ ယူဆမိတယ်။
၇။ အချုပ်ဆိုရရင် နှစ်နိုင်ငံခေါင်းဆောင်တွေကြားမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တွေဟာ ထာဝစဉ် ခိုင်မြဲတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တယ်ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောကြားတာမျိုးရှိတာ တွေ့ရတယ်။ တရုတ်အနေနဲ့ ဒီရပ်တည်ချက်မျိုးခိုင်မာအောင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြားမှာ ပိုပြီးပြတ်သားတဲ့ ဆက်ဆံရေးမျိုးတွေ တည်ဆောက်ပြဖို့ လိုအပ် တယ်လို့ ယူဆမိတယ်။ ဒီဘက်မျက်မှောက်ခေတ်မှာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်လာသလို စစ်ရေးဘက်မှာလည်း တဖြည်းဖြည်း အင်အားတိုးချဲ့ တည်ဆောက်လာနိုင်တာလည်း တွေ့ရတယ်။ နိုင်ငံခြားရေး ပေါ်လစီမှာလည်း “Wolf Warrior” ပေါ်လစီကိုကျင့်သုံးပြီး အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ ပုံစံ မျိုး ကျင့်သုံးလာတာ တွေ့ရတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုတဲ့ အဖွဲ့အစည်းနဲ့ အခြားနိုင်ငံကြီးတွေ ရှိနေတဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်အနေနဲ့ မိတ်ဆွေပီသတဲ့ ဆက်ဆံရေးမျိုးနဲ့ တည်ဆောက်ပြဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အပေါ်မှာ တန်ဖိုးထားဖို့ လိုအပ်သလို အပြန်အလှန် လေးစား ယုံကြည်တဲ့ ပုံစံမျိုးလည်း ထားရှိဖို့ လိုအပ်တယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ရှမ်းမြောက် စစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အနာဂတ်ရည်မှန်းချက်ဖြစ်တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းရဲ့ အစိတ် အပိုင်းမှာ အဓိက ကျတဲ့ နယ်မြေတွေဖြစ်လို့ စစ်ပွဲမရပ်တန့် နိုင်သေးသမျှ ကာလပတ်လုံး နှစ်နိုင်ငံစလုံးရဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ဟာ အကျိုးအမြတ် ရနိုင်ဖွယ်မရှိတာ တွေ့ရှိတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူကြီး (၅)ရပ်အတိုင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ မြန်မာ့ပြည်တွင်းရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့အတွက် အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ဆောင်ရွက်ပေးဖို့ လိုအပ် ကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။ ။ ။
(နရီမိုး)