မြန်မာနိုင်ငံက နိုင်ငံကြီးတွေရဲ့ကစားကွင်း ဖြစ်လာနေလို့ စိုးရိမ်တယ်။
-
တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်ကိုင်ကြိုးပမ်းမှုတွေ
အရှိန်ပြင်းထန်လာပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိဖို့ကို တောင်းဆိုတာတွေ ရဲရဲတင်းတင်း
လုပ်လာတယ်။ ဒါကြောင့် စိတ်ထဲမှာ အလွန်လေးလံနေတယ်။
-
အဲ့ဒါ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်
ပြောတာ။
"
အခုအချိန်မှာ အစ္စရေးနဲ့
ဂါဇာကိစ္စတို့အပြင် ယူကရိန်းအရေးကို အားလုံးက စိတ်ဝင်စားနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့
အရှေ့တောင်အာရှဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဒေသအတွက် မြန်မာနိုင်ငံအရေးဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ
စိတ်ထဲမှာ အထူးသဖြင့် မြန်မာနဲ့ကပ်နေတဲ့ ထိုင်းရဲ့စိတ်ထဲမှာ အလွန်ပဲ လေးလံနေပါတယ်လို့
" ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ထိုင်းဒုတိယဝန်ကြီးချုပ် ပန်ပရီးနာ ဟစ်ဒါနူခါရ
က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ Bangkok post သတင်းစာကို ပြောခဲ့တယ်။
-
သူကဆက်ပြီး " ဒေသတွင်းနိုင်ငံတွေ
စိုးရိမ်တာကတော့ မြန်မာနိုင်ငံဟာ အစိတ်စိတ်အမြွာမြွာဖြစ်မှု တိုးလာနေပြီး အင်အားကြီးနိုင်ငံတွေရဲ့
ပြိုင်ပွဲအတွက် ကစားကွင်းဖြစ်လာနေတာပဲဖြစ်ပါတယ်" လို့ ပြောခဲ့တယ်။
-
မြန်မာနိုင်ငံအကြောင်း မြန်မာတွေကလွဲရင်
အကုန်သိနေကြတယ်။
-
မြန်မာနိုင်ငံထဲမှာ ဖြစ်နေတာတွေကို
မြန်မာနိုင်ငံထဲက လူအများစုက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ မဲမသမာမှုကြောင့် အာဏာထိမ်းလိုက်လို့
ဖြစ်လာတဲ့အရေးလို့သာ သိထားကြပေမယ့် ပိုမြင်နိုင်တဲ့သူတွေက အမေရိကန်နဲ့ တရုတ် ကစားနေတယ်ဆိုတာကို
သိကြတယ်။
-
ပြည်ပရောက် အစိုးရဆိုတဲ့သူတွေကို
အမေရိကန်က ထောက်ပံ့လို့ မြောက်ပိုင်းလက်နက်ကိုင်တွေကို တရုတ်က ထောက်ပံ့တာ။ ဒါ ရိုးရိုးရှင်းရှင်းလေးပါ။
-
အဲ့လိုဆိုတာကို အထောက်အပံ့ရနေတဲ့
ကာယကံရှင်အဖွဲ့တွေ ကိုယ်တိုင်မသိဘူး။ ငါတို့မှန်လို့ ငါတို့ကို ထောက်ခံနေကြတာလို့ ထင်နေကြတယ်။
-
ဘယ်လောက်မှန်မှန် ဘယ်လောက်မှားမှား
တရုတ်ကို ဆန့်ကျင်ရင် အမေရိကန် ထောက်ပံ့မယ်။ ဘယ်လောက်မှန်မှန် ဘယ်လောက်မှားမှား အမေရိကန်
အကျိုးယုတ်စေရင် တရုတ်ထောက်ပံ့မယ်။ ဒါ ရိုးရှင်းတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။
-
အမေရိကန်နဲ့ တရုတ်တို့အပြိုင်
မြန်မာနိုင်ငံထဲ ခြေကုတ်ယူတာ မြန်မာနိုင်ငံထဲက လူတွေမသိဘဲ သူတို့ပုံဖော် နေတဲ့အတိုင်း
လိုက်လုပ်ရင် ဘာဖြစ်သွားမလဲ လက်နက်ကိုင်တွေကော ပြည်ပရောက်အစိုးရဆိုသူတွေကော မသိကြဘူး။
-
မြန်မာနိုင်ငံ ပြိုကွဲသွားမှာပါ။
-
အခုကို ရှမ်းပြည်မြောက်ပိုင်းနဲ့
သံလွင်မြစ်အရှေ့ပိုင်း မြန်မာအစိုးရ အာဏာမသက်ရောက်တော့ဘူး။ ရှမ်းမြောက်က ကုန်သွယ်ရေးလမ်းကြောင်းလည်း
ပိတ်သွားပြီး ရှမ်းတောင်ပိုင်း ကျိုင်းတုံဖက်ကို ဦးတည် သွားပြီ။
-
ကျန်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းကို
အမေရိကန်လက်ဝေခံတွေနဲ့ ထိမ်းချုပ်ထားနိုင်ဖို့ ဆက်လုပ်လိမ့်မယ်။ မထိမ်းချုပ်နိုင်သရွေ့
မတည်ငြိမ်အောင် လုပ်နေလိမ့်မယ်။
-
ခုလောက်ဆို ရှမ်းပြည်မြောက်ပိုင်းစစ်က
ဒီမိုကရေစီ၊ တော်လှန်ရေး ဆိုတာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိနိုင်ကြပြီလို့ ထင်ပါတယ်။
ပြည်ပရောက်အစိုးရဆိုသူတွေက အတင်းပတ်သက်တယ်ဆိုတာဖြစ်အောင်လုပ် ( ဆွဲစိ ) နေကြပေမယ့်
မြောက်သုံးဖွဲ့ကော၊ ဝ ကော၊ မိုင်းလားကော စကားထဲတောင် ထည့်မပြောကြဘူး။
-
ယူကရိန်းမှာ အမေရိကန် နေတိုးအဖွဲ့နဲ့
ရုရှားစစ်ဖြစ်နေတာဆိုတာကို နားလည်တဲ့သူတွေ သိတယ်။ ဇလင်စကီး က ခိုင်းတာလုပ်ရတဲ့ ကြိုးဆွဲအရုပ်ပါ။
ယူကရိန်းနိုင်ငံတော့ ပျက်စီးသွားပြီ။ ယူကရိန်းက အဆိုတော်တစ်ယောက်က ယူကရိန်းမှာ ဘာအနာဂါတ်မှ
မရှိတော့ဘူးလို့ ပြောသွားတယ်။
-
မြန်မာနိုင်ငံလည်း အမေရိကန်နဲ့
တရုတ် နယ်မြေလုစစ်ဖြစ်နေတာဆိုတာ နားလည်တဲ့သူတွေ သိတယ်။ မြန်မာနိုင်ငံမှာလည်း ဇလင်စကီးလိုတွေ
ရှိတယ်။ အမေရိကန် က NDAA ဆိုပြီး
ပိုက်ဆံနည်းနည်းပေးခိုင်း နေတာ။ မြန်မာနိုင်ငံလည်း ယူကရိန်းနီးပါး ပျက်စီးစပြုလာပြီ။
တွေးတတ်တဲ့သူတွေ မြန်မာနိုင်ငံ အနာဂါတ် နည်းနည်းပဲ ကျန်တော့တယ်ဆိုတာ ပြောနေကြပြီ။
-
လွယ်လွယ်လေးပြောနေကြတဲ့
မြန်မာနိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ နိုင်ငံကိုဖဲ့ထုတ်ပြီး တစ်စင် ထောင်တာမျိုး
ဖြစ်နေတယ်။ သဘောက နိုင်ငံခွဲထွက်တဲ့ပုံ လုပ်နေကြတာ။
-
မြန်မာနိုင်ငံ ပျက်စီးလာတာ
ကဏ္ဍစုံလို ဖြစ်လာပြီ။ နားမလည်တဲ့သူတွေဝင်ပါပြီး ထင်တိုင်းလုပ်နေကြလို့ နားလည်တဲ့သူတွေ
စိတ်လေးနေကြရပြီ။
-
တိုင်းပြည်ပြိုကွဲလည်း အရေးမကြီးဘူး
ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့သူတွေများလို့ ထိုင်းဒုတိယဝန်ကြီးချုပ်လို ကိုယ်တွေဆီမှာလည်း
စိတ်တွေလေးလံနေကြရတဲ့ သူတွေများနေတာ အမှန်ပါ။
မိုးတင့်ဆွေ ( ရန်ကုန်တက္ကသိုလ် )