မေတ္တာဖြင့် ပြန်လည်မျှဝေပေးပါသည်

Views


တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။ ခြံထဲက အိမ်ကိုပြင်လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့ သစ်သီးပင်တွေရှိတယ်။ ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။ အဲဒီအသီး တွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ။

-

အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတချို့က ဖုန်းရွှေဆရာခေါ်ပြီး ဖုန်းရွှေကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။ သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့ ဖုန်းရွှေဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

-

ဖုန်းရွှေဆရာက နာမည်ကြီးတစ်ဦးပါ။ ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင် သွားကြိုခဲ့ပါတယ်။ ဆရာကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကား တိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။ ဒါကို ဖုန်းရွှေဆရာကတွေ့တော့ "ခင်ဗျားကားမောင်းတာ တော်တော် တည်ငြိမ်တာပဲ" လို့ဆိုတယ်။

-

သူဌေးက "ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာ လမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။

-

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။ ကလေးငယ် တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။ သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။ ကလေးငယ် ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကို နင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တစ်ခုခုကို စောင့်နေသလိုပါပဲ... ခဏနေတော့ ကလေးငယ် နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

-

ဒါကို ဖုန်းရွှေဆရာက "နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ" လို့ မေးပါတယ်။

-

သူဌေးက .. "ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ.." လို့ဆိုတယ်။

-

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ "ဆရာ... ခဏလောက် စောင့်ပါနော်" လို့ဆိုတယ်။

-

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက "အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုး နေတယ်ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေကျိုးမှာစိုးတယ်။ သူတို့ကို ပေးခူးလိုက်မယ်... ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့် ကြတာပေါ့" လို့ဆိုတယ်။

-

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်ရဲ့ ဖုန်းရွှေကို ကျွန်တော်မကြည့်တော့ပါဘူး" လို့ပြောတယ်။

-

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက "ဟုတ်ပါတယ်... ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ့်ဖုန်းရွှေကောင်းတဲ့နေရာမို့ပါ" လို့ရှင်းပြတယ်။

-

လူရဲ့အပြုအမူက ဖုန်းရွှေဖြစ်သလို ကံတရားလည်းဖြစ်ပါတယ်။ အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့အရပ်ဟာ ဖုန်းရွှေကောင်းတဲ့အရပ်ဖြစ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊ ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

-

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။



Crd.

Post a Comment

Previous Post Next Post