ကမ္ဘာ့အရေးအခင်းများနှင့် အမေရိကန်ရဲ့ စံချိန်စံညွှန်းနှစ်ထပ်မူဝါဒ

Views



၁၉၉၁ မှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့အခင်းအကျင်းအပေါ် ပြိုင်ဖက်ကင်း ဆူပါပါဝါအဖြစ် နှစ်အတန်ကြာ ရပ်တည်ခဲ့သည်။ အမေရိကန်က တစ်ဦးတည်းသော ဆူပါပါဝါ ၊ ကုန်ထုတ်နည်းပညာအရာ ပြိုင်ဖက်ကင်းထိပ်တန်းဖြစ်နေချိန်မှာ အမေရိကန်အကျိုးစီးပွားအတွက် ဂလိုဘယ် လိုက်ဇေးရှင်းကို တောက်လျှောက်ရှေ့တန်းတင်ခဲ့သည်။ တစ်ကမ္ဘာလုံး အကောက်ခွန်မဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့်ကို ကမ္ဘာလုံးအတွက် စံမော်ဒယ်အဖြစ်ပုံသွင်းဖို့ အမေရိကန်က စီမံခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ကြီးကို တည်ထောင်ခဲ့သည်။

-

တရုတ်၊ ရုရှား၊ အိန္ဒိယလို ပါဝါအသစ်များ ပေါ်လာသောအခါ သူကိုယ်တိုင် အားပေးမြှင့်တင်ခဲ့သော ဂလိုဘယ် လိုက်ဇေးရှင်းကို အမေရိကန်က ပြန်ဆန့်ကျင်လာတော့သည်။ လွတ်လပ်စွာကုန်သွယ်ခွင့်၊ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်များကို ပြန်တားဆီးပိတ်ဆို့သည်။ အခြားနိုင်ငံများရဲ့ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ဘဏ္ဍာ ငွေလွှဲပြောင်းပေးပို့မှုများကို နည်းအဖုံဖုံနဲ့ အမျိုးမျိုး ထိန်းချုပ်ကန့်သတ်လာပြန်သည်။ အမေရိကန်အတွက် ဂလိုဘယ်လိုက်ဇေးရှင်း၊ လွတ်လပ်စွာကုန်သွယ်ခွင့်၊ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့်တို့သည် လိုတမျိုး၊ မလို တမျိုး နှစ်ထပ်စံချိန်စံညွှန်း (Double Standards) အထဲကသာဖြစ်သည်။

-

မိမိနိုင်ငံ၏ အမျိုးသားအချုပ်အခြာအာဏာပိုင်စိုးမှု၊ အမျိုးသားလွတ်လပ်ရေး၊ အမျိုးသားပိုင်နက်နယ်မြေ တို့ကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်းနေရင်း မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းသာယာ ရေးအတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်းနေရသော နိုင်ငံတို့အနက် မြန်မာနိုင်ငံကဲ့သို့ အမေရိကန်လို ဂလိုဘယ်ဆူပါပါဝါ၏ ဩဇာလွှမ်းမိုးခြင်းကို လက်မခံသောနိုင်ငံများကို လွတ်လပ်စွာကုန်သွယ်ခွင့်၊ လွတ်လပ် စွာရင်းနှီးမြှုပ်နှံခွင့်တို့အပါအဝင် လွတ်လပ်သောဂလိုဘယ်ဈေးကွက်စီးပွားရေးဖြစ်စဉ်မှ ဖယ်ထုတ်နိုင်ဖို့ အနှောင့်အယှက် အမျိုးမျိုးပေးနေခဲ့သည်။

-

ဂလိုဘယ်လိုက်ဇေးရှင်းသည် မြန်မာလိုမျိုး အမေရိကန်ဩဇာမခံသော တိုင်းပြည်များနှင့် မသက်ဆိုင်။ မြန်မာ နိုင်ငံ၏ နိုင်ငံပိုင်၊ ဌာနအဖွဲ့အစည်းပိုင်၊ တိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်းတချို့ကို အကြောင်းပြချက် အ မျိုးမျိုးဖြင့် စီးပွားရေးအရ ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

-

နိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များပါမချန် ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်၊ ဗုံးခွဲ၊ မိုင်းထောင်၊ ပစ်ခတ်၊ ဘုရားကျောင်းကန် စေတီပုထိုးများကိုပါ ဖျက်ဆီးနေသော အကြမ်းဖက်များ၊ အကြမ်းဖက်များကို အားပေးထောက်ပံ့နေသော ရံပုံငွေစုဆောင်းပေး နေသူများကိုတော့ အမေရိကန်နှင့် အမေရိကန်ဩဇာခံတိုင်းပြည်များအတွင်း မသမာသော စီးပွားရေးများ၊ ငွေကြေးလုပ်ငန်းများကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပြုထားသည်။ အကြမ်းဖက်များနှင့် အကြမ်းဖက်အားပေးများက မြန်မာတိုင်းရင်းသားများ၊ မြန်မာနိုင်ငံသားများ၏ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့်၊ လွတ်လပ်စွာပရိယေသနဝမ်းစာရှာမှီးခွင့်တို့ကို အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး လုယက်နေကြဖို့ သုံးနေသောလက်နက်များ၊ ကျည်ဆန်များ၊ ဖောက်ခွဲရေးပစ္စည်းများကို ဝယ်ယူ ထောက်ပံ့ဖို့ အရေးအတွက် အမေရိကန်နှင့် ဩဇာခံတိုင်းပြည်များက အကြမ်းဖက်အားပေး အစွန်းရောက်တွေကို ထင်ရာလုပ်ခွင့်ပေးထားသည်။

-

အမေရိကန်အကျိုးစီးပွားအတွက် ဉာဏပစ္စည်းမူပိုင်အခွင့်အရေးများ၊ နည်းပညာအချက်အလက်များကို မူပိုင်ခွင့်မှတ်ပုံတင်ထိန်းချုပ်မှုများကို အမေရိကန်က တကမ္ဘာလုံးမှာ ဦးဆောင်ခဲ့သည်။ အခြားနိုင်ငံများက နည်းပညာအသစ်အဆန်းများ၊ ထွက်ကုန်အသစ်အဆန်းများ၊ ဝန်ဆောင်မှုအသစ်အဆန်းများကို အမျိုးမျိုး အပြိုင်အဆိုင်တီထွင်လာချိန်တွင် အမေရိကန်က သူတို့လက်ဝါးကြီးအုပ်ထိန်းချုပ်ထားသော အင်တာနက် လုပ်ငန်းများ၊ အသိဉာဏ်တု အေအိုင် AI နည်းပညာများကို သုံးစွဲပြီး အခြားနိုင်ငံစုံမှ နည်းပညာများနှင့် အချက်အလက်များကိုရယူကာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများအတွက် အချက်အလက်များ ပြန် လည်မျှဝေပေးတော့သည်။

-

ဉာဏပစ္စည်းမူပိုင်အခွင့်အရေးများဆိုတာကလည်း အမေရိကန်အတွက် နောက်ထပ် လိုတမျိုးမလိုတမျိုး နယ်ပယ် တစ်ခုသာဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာကဲ့သို့ အမေရိကန်ဩဇာမခံသောတိုင်းပြည်များမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများမှအမည်များ၊ အမှတ်တံဆိပ်များကို ဆင်တူယိုးမှား တုပ ထားသော အွန်လိုင်းလူမှုကွန်ရက်အကောင့်အတုများ၊ စာမျက်နှာအတုများကို NUG လိုမျိုး ပြည်ဖျက် အကြမ်းဖက် အွန်လိုင်းလူလိမ်အုပ်စုတွေက အမေရိကန်အခြေစိုက် အင်တာနက်ကုမ္ပဏီကြီးများက ပိုင်ဆိုင်တဲ့ လူမှုကွန်ရက်များကို တွင်တွင်ကျယ်ကျယ် စိတ်ကြိုက်သုံးခွင့်ပေးထားပြန်သည်။

-

ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်မှု၊ အရပ်ဖက်လွတ်လပ်မှု အခွင့်အရေးတို့အလို့ငှာ အမေရိ ကန်အစိုးရအဆက်ဆက်က ကမ္ဘာ့အလယ်တွင် အဓိကခေါင်းဆောင်သဖွယ် ပြုမူပြောဆိုနေခဲ့သည်။ အမေရိကန်ရဲ့ ရန်သူနိုင်ငံများအဖြစ်သော်လည်းကောင်း၊ ပြိုင်ဘက်နိုင်ငံများအဖြစ်သော်လည်းကောင်း သတ် မှတ်ခံထားရသော နိုင်ငံများမှ ဆန့်ကျင်ဘက်များ၊ အစွန်းရောက်များ၊ စစ်သွေးကြွများ၊ အကြမ်းဖက်များ၊ အကြမ်းဖက်အားပေးများ၊ လက်နက်ကိုင်ဆူပူသောင်းကျန်းသူများ၊ သောင်းကျန်းသူအားပေးများကို ထောက် ပံ့အားပေးအားမြှောက်ဖို့အရေး ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံရေး လွတ်လပ်မှု၊ အရပ်ဖက်လွတ်လပ်မှု အခွင့်အရေးတို့လို အသွင်ယူခေါင်းစီးအမည်တို့ကို အမေရိကန်က အကြိမ်ကြိမ်မရပ်မနားအသုံးပြုသည်။

-

သို့သော်လည်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ထိပ်တိုက် တွေ့နေသော နိုင်ငံများ၊ ပြည်သူများအတွက် အမေရိကန်တို့ရဲ့ ခေါင်းထဲမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်မှု၊ အရပ်ဖက်လွတ်လပ်မှု အခွင့်အရေးစံနှုန်းများကို တစ်ချက်မှ ထည့်သွင်းပေးထားခြင်း မပြုပဲ အမေရိကန်ရဲ့ မဟာမိတ်တွေဘက်ကိုသာ တစ်ဘက်သတ် အကာအကွယ်ပေးစမြဲဖြစ်သည်။

-

မြန်မာနိုင်ငံတွင်ဆိုလျှင် NUG ၊ PDF နှင့် ဆက်စပ်အပေါင်းပါ အကြမ်းဖက်များ၊ အကြမ်းဖက်အားပေးများက စာသင်တိုက်မချန်၊ ဝိပဿနာရိပ်သာမချန်၊ ဘုရားစေတီပရဝုဏ်နယ်မြေမချန်၊ ရပ်ရွာပေါင်းစုံအနှံ့၊ ဒေသ ပေါင်းစုံမှာ ငါနှင့်မတူ ငါ့ရန်သူသဘောထားပြီး၊ သူတို့နှင့်အယူအဆမတူသူများ၊ သူတို့အချင်းချင်း အနည်းငယ် မျှသဘောထားကွဲမှု ဖြစ်မိသူများ၊ သူတို့ကို ငွေစာရင်းရှင်းပေးဖို့ပြောမိသူများ၊ သူတို့နောက်ကြောင်း အစစ်အမှန်ကို ထုတ်ပြောမိသူများကိုပါ ဒလန်တံဆိပ်တပ်ကာ၊ အသက်ငါးနှစ်အောက် သားငယ်၊ သမီးငယ် လေးများပါမချန် မိသားစုတစ်စုလုံးကို ရက်ရက်စက်စက် ယုတ်မာရိုင်းစိုင်းစွာ ပြုကျင့်သတ်ဖြတ် နေကြခြင်း ဖြစ်သည်။

-

NUG ၊ PDF နှင့် ဆက်စပ်အပေါင်းပါ အကြမ်းဖက်များ၊ အကြမ်းဖက်အားပေးများ၊ လက်နက်ကိုင် ဆူပူ သောင်းကျန်းသူများ၊ သောင်းကျန်းသူအားပေးများက ကျူးလွန်ခဲ့သော ရာဇဝတ်ပြစ်မှုများအတွက် အမေရိ ကန်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်မှု၊ အရပ်ဖက်လွတ်လပ်မှု အခွင့်အရေးစံနှုန်းများနဲ့ တိုင်းထွာစိစစ်ပေးခြင်းမပြုတော့။ နိုင်ငံရေးအယူအဆ မတူရုံမျှဖြင့် ဒလန်တံဆိပ်တပ်ခွင့်၊ တစ်မိသားစုလုံးကို လူသတ်အကြမ်းဖက်ခွင့်ပြုသော နိုင်ငံရေးမူဝါဒက အမေရိကန်ရဲ့ လူ့အခွင့်အရေးများနှင့် အကျုံးဝင်ကိုက်ညီ သွားတော့သည်။

-

လူသားဝါဒ၊ လူသားဂုဏ်သိက္ခာ၊ လူသားချင်းစာနာထောက်ထားမှုများ အစရှိတာတို့မှာ အမေရိကန်က အများရှေ့မှောက် အပြောအများဆုံး၊ အကြွေးကြော်ဆုံးခေါင်းစဉ်များ ဖြစ်သည်။ သို့ပေသော်ငြား လူသားဝါဒ၊ လူသားဂုဏ်သိက္ခာ၊ လူသားချင်းစာနာထောက်ထားမှုများဆိုသည်မှာ အမေရိကန်ရဲ့ ရန်သူနိုင်ငံများ အဖြစ်သော်လည်းကောင်း၊ ပြိုင်ဘက်နိုင်ငံများအဖြစ်သော်လည်းကောင်း သတ်မှတ်ထားသော နိုင်ငံများ အတွင်း ထိုနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ဝေဆာမှု၊ စည်ပင်သာယာဝပြောမှု၊ အေးချမ်းသာယာမှု၊ နိုင်ငံ့စည်းလုံးညီညွတ်မှုတို့ကို ပြန်ဖြိုခွဲသပ်လျှိုဖို့ အသုံးဝင်နေသော၊ အသုံးဝင်နိုင်သော၊ အသုံးဝင်လာရန် အလားအလာရှိသော ဆန့်ကျင်ဘက်များ၊ အတိုက်အခံများ၊ ဆူပူလှုံ့ဆော်သူများ၊ ကဖျက်ယဖျက်များ၊ အစွန်းရောက်များ၊ စစ်သွေးကြွများ၊ အကြမ်းဖက်များ၊ အကြမ်းဖက်အားပေးများ၊ လက်နက်ကိုင် သောင်း ကျန်းသူများကို အားပေးကူညီဖို့ရာ၊ ထောက်ပံ့ဖို့ရာ သုံးစွဲနေသော ခေါင်းစဉ်များသာဖြစ်သည်။

-

လူသားဝါဒ၊ လူသားဂုဏ်သိက္ခာ၊ လူသားချင်းစာနာထောက်ထားမှု အစရှိသည်တို့မှာ အမေရိကန်နှင့် ထိပ်တိုက်တွေ့နေသော၊ အမေရိကန်ဩဇာကို မခံယူသောနိုင်ငံများ၊ ဒေသများ၊ ပြည်သူများအတွက် မသက်ဆိုင်ပါ။

-

မကြာသေးခင်ကပင် အစ္စရေးနှင့် ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြှောင်ကို ထိန်းချုပ် ထားသော ပါလက်စတိုင်း ဟားမားစ်အဖွဲ့အကြား စစ်ပွဲဖြစ်လာခဲ့သည်။ ဟားမားစ်အဖွဲ့က စတင်တိုက်ခိုက် ခဲ့သော စစ်ပွဲဖြစ်သည့်တိုင်အောင် အစ္စရေးက ဂါဇာကမ်းမြှောင်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ ဘယ်လောက်ပြင်းထန်လွန်းသလဲဆိုတာ လူတိုင်းအသိပင်ဖြစ်သည်။ ပါလက်စတိုင်းတို့ရဲ့ အရပ်ဖက်မြို့ပြများ၊ ဒုက္ခသည်စခန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ ဘာသာရေးအဖွဲ့အစည်းများက ပိုင်ဆိုင်သော အဆောက်အဦးများ ပျက်စီးခဲ့ပြီး၊ လက်နက်ကိုင်ထားခြင်းမရှိသော လူကြီး၊ လူငယ်၊ ကလေးသူငယ်များ၊ အမျိုးသမီးများအရေအတွက်များပြားစွာ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ အိုးမဲ့အိမ်မဲ့ဖြစ်သွား သူများလည်း များစွာရှိသည်။

-

သို့သော် အစ္စရေးက အမေရိကန်ရဲ့ အထူးမဟာမိတ်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသအတွင်း အချက် အချာကျသော မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံဖြစ်သည်။ သမိုင်းကြောင်းအရ၊ လူမျိုးအရ အစ္စရေးနှင့် ဆက်စပ်နေသော ကမ္ဘာတလွှားမှ ထိပ်တန်းကော်ပိုရေးရှင်းကြီးများ၊ စက်မှုလုပ်ငန်းကြီးများ၊ ဘဏ်တိုက် ကြီးများ၊ လုပ်ငန်းရှင်ကြီးများ၊ ထိပ်တန်းမီဒီယာကြီးများက ဂလိုဘယ်အရေးအရာများမှာ အမေရိကန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်ပြီးအခိုင်အမာ လက်ခံထားနိုင်မှုအတွက် အမေရိကန်က အစ္စရေးကို သူရဲ့ အထူးမဟာမိတ်အဖြစ် ရပ်တည်ပြီး အစ္စရေးဘက်ကသာ ပြတ်သားခိုင်မာစွာ ကူညီအားပေးရသည်။

-

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ခရစ္စမတ်ပွဲတော်ကာလမှာတောင်မှ ပါလက်စတိုင်းဒေသအတွင်းရှိ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်မြို့တော်တို့တွင် ဂါဇာကမ်းမြှောင်အတွင်း ပါလက်စတိုင်းပြည်သူတို့ရဲ့ ကြေကွဲဖွယ်ရာအဖြစ်ဆိုးတွေအတွက် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများက ခရစ္စမတ်ပွဲတော်တိုင်း အထိမ်းအမှတ်ပြုလုပ်နေကြ ပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ကြဘဲ ကြေကွဲဖွယ် ထိခိုက်ခံစားနေရသူများအတွက် ဆုတောင်းပေးမှုများဖြင့် ခရစ္စမတ်အခါသမယကို ပါလက်စတိုင်းဒေသမှ ခရစ်ယာန်ဘာသာဝင်တို့ တိတ်တ ဆိတ်ဖြတ်သန်းခဲ့ကြရသည်။

-

ပါလက်စတိုင်းအရေးမှသာမဟုတ်ဘဲ ကျန်ကမ္ဘာ့အရေးများမှာလည်း အမေရိကန်ရဲ့ ရပ်တည်မှုက နှစ်ထပ်စံ ချိန်စံညွှန်း အစဉ်အလာလုပ်ရပ်များအတိုင်းသာဖြစ်သည်။ သမိုင်းဝင်ခွဲထွက်သွားသောနိုင်ငံများအနက် တောင်ပိုင်းဆူဒန်နိုင်ငံ ၊ အရှေ့တီမော တဖြစ်လဲ တီမောလက်စ တေနိုင်ငံ ၊ ယူကရိန်း ၊ အာမေးနီးယားတို့လို နိုင်ငံများရဲ့ နယ်နမိတ်အတွင်း ပါဝင်သွားသော ဘာသာရေးလူ နည်းစုများ ၊ လူမျိုးရေးလူနည်းစုများ ၊ လူမျိုးစုများအတွက် အမေရိကန်မူဝါဒအတွင်း မည်သို့သော လူသားဝါဒ ၊ လူသားဂုဏ်သိက္ခာ ၊ လူသားချင်းစာနာထောက်ထားမှုများဆိုသော အကြောင်းအရာများကိုမှ ထည့်သွင်းထား ရှိခြင်းမပြုဘဲ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အရာရာအားလုံးရဲ့ အထက်မှာ ဆက်ထားရှိခဲ့သည် ။

-

အမေရိကန်ကိုယ်တိုင်မူ သူ့နိုင်ငံအတွက် အမျိုးသားအကျိုးစီးပွား ၊ အမျိုးသားလုံခြုံရေးတို့ကို အရာရာအား လုံးရဲ့အထက်မှာ ထားပေးသော်လည်း အခြားနိုင်ငံများက သူတို့လို ကိုယ့်တိုင်းပြည် ၊ ကိုယ့်လူမျိုးအရေး အတွက် အမျိုးသားအကျိုးစီးပွား ၊ အမျိုးသားလုံခြုံရေးတို့ကို အဓိကထားလာပြီဆိုတာနဲ့တင် အမေရိကန်ရဲ့ မနေမနားတရစပ် နှောင့်ယှက်ခြေထိုး ၊ သွေးခွဲသပ်လျှို ၊ ထိပါးဖျက်ဆီးခြင်းမျိုးစုံကို တိုက်ရိုက်တစ်မျိုး ၊ ကွေ့ ဝိုက် တစ်မျိုး အမျိုးမျိုး ပြုလုပ်ပါတော့သည်။

-

မြန်မာနိုင်ငံကဲ့သို့သောတိုင်းပြည်မျိုးတွင် နိုင်ငံ၏ရေခံမြေခံသမိုင်းကြောင်းအစဉ်အလာတလျှောက်လုံးတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးတို့အတွက် အဓိကအကျဆုံး ပင်မအင်အားစုကြီး ဖြစ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်ထိုးနှက် တိုက်ခိုက်နေသော အစွန်းရောက်များ၊ စစ်သွေးကြွများ၊ အကြမ်းဖက်များ၊ အကြမ်းဖက်အားပေးများ၊ လက်နက်ကိုင်သောင်းကျန်းသူများ၊ သောင်းကျန်းသူအားပေးများကို အမေရိကန်နှင့် အမေရိကန်ဩဇာခံ တိုင်းပြည်များ ဇုန်နယ်ဝှမ်းအတွင်း လွတ်လွတ်လပ်လပ် ထောက်ပံ့အခြေချခွင့်များပြုထားကြသည်။

-

ခေါင်းကြီးစာတန်းများ၊ မူဘောင်များ၊ စံချိန်စံညွှန်းများ၊ ခေါင်းစဉ်များမှာ အမေရိကန်တို့အတွက် လိုတမျိုး ၊ မလိုတမျိုး၊ လိုရင်ယူသုံး၊ မလိုရင်သိမ်းထားနည်းနဲ့ အသုံးချစရာသက်သက်၊ ဗျူဟာကစားစရာသက်သက်မျှ သာ ဖြစ်သည်။ ယူကရိန်း၊ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်၊ ပင်လယ်နီဒေသကဲ့သို့ ဒေသတွင်းအရေး အခင်းတကာ၊ နိုင်ငံတကာအရေးအခင်းပေါင်းစုံတွင် ပြဿနာတစ်ခုမကျန် အမေရိကန်တို့ အလွန်အမင်း ပါဝင်စွက်ဖက်ခဲ့သည်။ အမေရိကန်ရဲ့သြဇာခံများက ကျူးလွန်နေသော ရာဇဝတ်မှုခင်းများ၊ အရေးအခင်းများ မှန်သမျှကို အမေရိကန်တို့ မသိကျိုးကျွန်ပြုနေခဲ့သည်။

-

အင်အားအသုံးပြု လက်နက်ကိုင်တိုက်ခိုက်မှုတစ်မျိုးတည်းကိုပင် အမေရိကန်ရဲ့ မဟာမိတ်များ၊ ဩဇာခံ များက ပြုလုပ်ရင် စစ်ရေးအရ လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ပေးပြီး၊ အမေရိကန်ရဲ့ ရန်သူနိုင်ငံများ၊ ပြိုင်ဘက်နိုင်ငံများ၊ အမေရိကန်ဩဇာမခံသောနိုင်ငံများအဖြစ် အမေရိကန်က သတ်မှတ် ထားသောနိုင်ငံများကသာ အလားတူ အင်အားအသုံးပြုလက်နက်ကိုင်တိုက်ခိုက်မှုကို ပြုလုပ်ရင်တော့ အကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ အလွန်အကျွံအင်အားသုံးမှု၊ အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်မှု တို့လို ခေါင်းစဉ်အမျိုးမျိုး ချက်ချင်း ဝင်လာမှာဖြစ်သည်။

-

အမေရိကန်သည် အနောက်တိုင်းပြည်များရဲ့ အဓိကခေါင်းဆောင်ဖြစ်သလို ၊ အမေရိကန်နဲ့ သူ့ရဲ့အဓိကမဟာ မိတ်အခြားအနောက်နိုင်ငံများအကြား တစ်ထပ်တည်းကျနေသော အရာများစွာအတွင်း လိုတမျိုး ၊ မလိုတမျိုး နှစ်ထွေခင်း ၊ နှစ်ခွသွား ၊ နှစ်ထပ်စံချိန်စံညွှန်း ရပ်တည်မှုနှင့် ဆောင်ရွက်မှုတို့ ပါဝင်သည်။

-

အမေရိကန်တစ်ယောက် ၊ အနောက်တိုင်းသားတစ်ယောက်ရဲ့ အသက်တန်ဖိုးနှင့် အမေရိကန်မဟုတ်သော ၊ အနောက်တိုင်းသားမဟုတ်သော ၊ အခြားနိုင်ငံများမှ အပြစ်မဲ့ပြည်သူတို့ရဲ့ အသက်တန်ဖိုးနှစ်မျိုးက အမေရိကန်နဲ့ အနောက်တိုင်းအတွက် ဘယ်အခါမှမတူညီခဲ့သလို နောင်ရှေ့တွင်လည်း တူညီလာမည် မဟုတ်ချေ။

-

အမေရိကန်နဲ့ အနောက်တိုင်းက အားပေးအားမြှောက်ပြုနေသော အင်အားစုများရဲ့ တိုက်ခိုက်မှုများအတွင်း သေဆုံး၊ ထိခိုက်၊ ပျက်စီးခဲ့သော ပြည်သူတွေရဲ့ အသက် ၊ ဘဝ၊ အိုးအိမ် ၊ စည်းစိမ်များနှင့် အမေရိကန်နဲ့ အနောက်တိုင်းက ဆန့်ကျင်အပုပ်ချနေသော လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း သေဆုံး ၊ ထိခိုက် ၊ ပျက်စီး ခဲ့သူများရဲ့ ဘဝ ၊ အိုးအိမ် ၊ စည်းစိမ်များက အမေရိကန်တို့ရှေ့တွင် အဓိပ္ပါယ်ချင်းလည်း မတူညီသလို တန်ဖိုး ချင်း လည်း မတူညီစတမ်းရှိနေမြဲသာဖြစ်သည်။

-

မြန်မာနိုင်ငံကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များအတွင်း ရံပုံငွေများ အလွဲသုံးစား မပြုဖို့ ၊ ငွေစာရင်းစစ်ပေးဖို့ ၊ ငွေစာရင်းရှင်းတမ်းအမှန်ထုတ်ပေးဖို့ ပြန်ခံပြောရုံမျှဖြင့်ပင် သစ္စာဖေါက်တံဆိပ် ၊ ဒလန်တံ ဆိပ်တပ်ကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခိုင်းနေသောသူများက ခေါင်းဆောင်နေသည့် အကြမ်းဖက် အုပ်စုများကို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးမူဝါဒများအတွင်း အမေရိကန်၏ မိတ်ဆွေများ ၊ အမေရိကန်က ထောက်ခံအားပေးရမည့်သူများအဖြစ် သတ်မှတ်ပေးထားခြင်းကပင် အမေရိကန်၏ လိုတမျိုး ၊ မလိုတမျိုး နှစ်ထပ် နှစ်ခွ စံချိန်စံညွှန်းများ၏ သရုပ်မှန် ၊ သဘာဝအမှန်ပင်ဖြစ်ပေတော့သည် ။

Post a Comment

Previous Post Next Post