ဆီဆိုင်မြို့တိုက်ပွဲသည် PDF ကြောင့်ဟု PNLO/PNLA ဥက္ကဌ ဦးခွန်ဥက္ကာပြောကြား

Views


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို PDF များ ကျူးကျော်လာသည့်အတွက် ရှုပ်ထွေးမှုဖြစ်ကာ တိုက်ပွဲ စခဲ့ခြင်းဖြစ်ပြီး NCA ကို လက်မလွှတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက NP News ကို ပြောသည်။
-
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာအား NP News အနေဖြင့် ဆီဆိုင်မြို့တွင် ဖြစ်ပွားလာသည့်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
-
“အဓိကတော့ ကျူးကျော်လာတဲ့ ကရင်နီဘက်က PDF တွေကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့မှာက ရန်သူမရှိပါဘူး။ ကျွန်တော် ရဲရော၊ တပ်ရော၊ နောက်ပြီးတော့ ပအိုဝ်းပြည်သူ့စစ်ရော ကျွန်တော်တို့ ရန်သူမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ သူတို့ကို စတင်တိုက်ခိုက်ပြီး ပစ်ခတ်တာမရှိဘူး။ သို့သော် ကရင်နီဘက်က နယ်ကျော်လာတဲ့ PDF တွေက ဝင်လာပြီးတော့ ဆီဆိုင်မြို့ကို ခြိမ်းခြောက်လာတဲ့ အခါကြတော့ ကျွန်တော်တို့က ဆီဆိုင်မြို့သူ၊ မြို့သားတွေအတွက် သွားပြီးအကာအကွယ်ပေးတာ။ ကျွန်တော်တို့တပ်က အဲဒီမှာ ပါသွားတာ။ ကျွန်တော်တို့က အဲဒီမှာ လူ(၃၀၀)လောက် သွားထည့်ပြီးတော့ အကာအကွယ်သွားယူပေါ့။ PDF တွေကလည်း ဝင်တဲ့အခါကြတော့ ရှုပ်ထွေးမှုဖြစ်ပြီးတော့ တိုက်ပွဲတွေ စဖြစ်လာတာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
-
ဆီဆိုင်မြို့တွင် PNLO/PNLA အဖွဲ့အနေဖြင့် စတင်ပစ်ခတ်ခြင်း၊ စခန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းမရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
-
“တိုက်ပွဲတွေ စဖြစ်လာတဲ့ကိစ္စမှာ ကျွန်တော်တို့ဘက်ကတော့ စတင်ပစ်ခတ်တာတို့၊ စခန်းသိမ်းတာတို့ မလုပ်ပါဘူး။ သို့သော် အဲဒီမြို့ထဲမှာ နေရာယူထားတာက တူနေတဲ့အခါကြတော့ ရှုပ် ထွေးမှုဖြစ်ပြီးတော့ ကျွန်တော်တို့ တပ်တွေပဲ သိမ်းသလိုလို ကျွန်တော်တို့ပဲ ပစ်သလိုလို ဖြစ်သွားတယ်ဗျ။ အဲဒါပါပဲ။ နောက်ပြီးတော့ သတင်းအတုအယောင်တွေကလည်း ထွက်တာများတယ်။ အဓိကတော့ ကရင်နီ ဒေသကလာတဲ့ PDF တွေ ပြဿနာပါပဲ။ အဲဒါပဲဗျ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
-
လက်ရှိတွင် ဆီဆိုင်မြို့ပတ်ပတ်လည်ကို PNLA အဖွဲ့က ထိန်း ချုပ်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။
-
ဆက်လက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျွန်တော်တို့ တပ်တွေတော့ လိုက်မရှုပ်နဲ့။ ရောရော နှောနှောမလုပ်နဲ့ ခပ်ခွာခွာနေ။ ကိုယ့်လူနဲ့ ကိုယ်နေလို့တော့ မှာထားပါတယ်ဗျ။ အောက်ခြေမှာ ဘယ်လောက်ရှုပ်နေလဲ ကျွန်တော်တို့လည်း မသိတော့ဘူးဗျာ။ ကျွန်တော်တို့ကတော့ NCA လမ်းကြောင်းမူပါပဲ။ အခုဟာက ကျူးကျော်လာတဲ့ PDF တွေကြောင့် ဖြစ်တာကို။ အဲဒီ PDF တွေ ပြန်ဆုတ် သွားရင်တော့ နဂိုအတိုင်းပဲ ပြန်ဖြစ်မှာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်နေသွားရမှာပေါ့”ဟု ပြောသည်။
-
တိုင်းပြည်၌ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းသည် NCA တစ်ခုသာရှိပြီး ၎င်း NCA ကို လက်လွှတ်မည် မဟုတ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
-
“NCA ကတော့ အပျက်ခံလို့ ဘယ်ရမလဲ။ NCA လမ်းကြောင်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက်၊ နားလည်မှုရဖို့အတွက်၊ အပြန်အလှန်ညှိနှိုင်းဖို့အတွက်၊ ဆွေးနွေးဖို့အတွက် လမ်းပေါက်က အဲဒီတစ်ပေါက်ပဲ ရှိတာ။ အဲဒါကို သွားပိတ်လိုက်ရင် တစ်သက်လုံး တိုက်နေကြတော့မှာလား အဲဒီမေးခွန်းဖြစ်လာမယ်။ ဘယ်တော့မှ တိုက်ခိုက်လို့ ပြေလည်တာ မရှိပါဘူး ဒီတိုင်းပြည်မှာ။ ဆွေးနွေးညှိနှိုင်းဖို့ တံခါးပေါက်က NCA ပဲရှိတယ်လေ။ အဲဒါလေးကိုတော့ သတိချပ်စေချင်တယ်။ ကျွန်တော်တို့ကတော့ NCA ကို လက်မလွှတ်ပါဘူး”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
-
PNLO/PNLA သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်ရှိနစကအစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက် ဆွေးနွေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
-
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၌ တိုက်ပွဲပြင်း ထန်နေလျက်ရှိပြီး တပ်မတော်ဘက် ကလည်း လေကြောင်း ပစ်ကူများအသုံးပြုကာ တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။



NP News

1 Comments

  1. ဒီလူကနိုငံရေးကိုခုတုံးလုပ်ပြီးသူး့အကျိုးအတွက်လုပ်စားနေတဲ့သူပါ။ ၈& စထွက်ပြီးသူတိုနယ်စရောက်ကတည်းကနောက်ဆုံးကရင်နီနယ်စပ်၊ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ရုံးတွေမှာအထိသူနဲ့နေခဲ့ဘူးပါတယ်။ အခြေအနေအရမရှိလိုဘသု့ကိုနေရာပေးထားပေမဲ့မကြိုက်တဲ့သူက၈၀%လောက်ရှိပါတယ်။ အခုသူပြောတဲ့စကားတွေကိုသူအာမခံရပါလိမ့်မယ်။ အခု ပအိာလ့်PDF ကလေးတွေနဲ့သူမအလအာဏာသိမ်းနောက်မကြာခင်တွေ့ဆုံဆွေးနွေတော့သူက ကလေးတွေကိုပအိုလ့်နယ်မှာစစ်ဖြသ်းင်။ ရွာတွေမီးရှို့ခံရရင်မင်းတို့တရာခံဘဲလို့ပြောခဲ့တာကိုကလေးတွေကအခုထိးင်ထဲမှာစွဲစွဲမြဲမြဲညှိတွယ်နေဆဲလို့ပြောပါတယ်။ တော်လှန်ရေးကြီးပြီးရင်တော့ဒီပအိုလ့်ကလေူတွေကသူ့ကိုရှင်းတမ်းထုပ်ပါလိမ့်မယ်။ အခုလည်းအခြေအနေမှန်ကိုဖုံးကွယ်ပြီးPDF တွေကိုအပြစ်ပြောနေပြန်တယ်။ ပအိုလ့်လူထုနဲ့သွေးကွဲအောင်လုပ်နေတာဘဲ။ ဘယ် PDF လည်းလို့လည်းထည့်မပြောဘူး။ဘာဘဲဖြစ်ဖြစ်သူဟာလည်ူနွေဦးတော်လှန်ရေးမှာအဂတိဘက်ကရပ်တည်တဲ့သမိုင်းတရားခံထဲမှာပါနေခဲ့ပါပြီ။ ဦးခွန်ဥကာခင်းများမဘုပ်နိုင်တော့ရင်ဘေးထွက်နေပါတော့။ အနာဂါတ်ပအိုလ့်လူငယ်တွေကိုနေရာပေးလိုက်ပါတော့။ ခေါတ်ရေဆီးလှမ်းကြောင်းကိုနောက်ပြန်မဆွဲထားပါနဲ့တော့။

    ReplyDelete
Previous Post Next Post