အကြမ်းဖက် PDF ကို လေ့ကျင့်ထောက်ပံ့ပြီး ကျားဖြန့်လုပ်နေတဲ့ KNU ကို ထိုင်းနဲ့ပူးပေါင်းနှိမ်နင်းမည်

Views


MT News

၁. ၂. ၂၀၂၄



PDF များကို လေ့ကျင့်ထောက်ပံ့ပေးနေသည့် KNU က အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေသည်ကို အထောက်အထားများတွေ့ရှိထား၍ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းနှိမ်နင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။



KNU သောင်းကျန်းသူအဖွဲ့သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အကြောင်းပြုပြီး PDF များကို လေ့ကျင့်ထောက်ပံ့ပေးမှုများပြုလုပ်သည့်အပြင် တပ်မတော်တပ်စခန်းငယ်များ၊ မြဝတီမြို့နှင့် ကော့ကရိတ်မြို့များကို နှောင့်ယှက်တိုက်ခိုက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် တပ်မတော်စခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုများရှိခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရောမြို့နယ်တွင်ရှိသည့် ချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။




အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် နံနက် ၃ နာရီတွင်လည်း KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် ကော့ကရိတ်မြို့၏ ၈ နေရာကို ထပ်မံလာရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရသည်။



ထို့ပြင် KNU သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို အကြောင်းပြပြီး ဒေသအတွင်းအကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံနှင့် လုပ်ဆောင်နေသည့်အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများအပြင် လူမှောင်ခိုမှုများအထိ လုပ်ဆောင်နေသည်ကို အထောက်အထားများနှင့် တွေ့ရှိရခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ ဖမ်းဆီးနှိမ်နင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်ပြီး တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် KNU သောင်းကျန်းသူအဖွဲ့အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်နေမှု အခြေအနေကောင်းများ ရပ်တန့်စေရန်အတွက် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Post a Comment

Previous Post Next Post