အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကို တာဝန်ခံသည့် တပ်မတော်

Views

အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကို တာဝန်ခံသည့် တပ်မတော်
    ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်း၊ နိုင်ငံ ဖြစ်တည်မှုသမိုင်းတို့နှင့် ခွဲခြား၍မရလောက်အောင်ပင် အစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင် ပြုလုပ်မည့် အဖွဲ့အစည်းမဟုတ်မူ၍ တိုင်းရင်းသားနှင့် ပြည်သူအပေါ် သစ္စာဖောက်မည့် အဖွဲ့အစည်း မဟုတ်သည်မှာလည်း သေချာသည်။ အတိတ်ရော၊ ပစ္စုပ္ပန်မှာပါ တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် အရေးသုံးပါးဘက်မှ မားမားမတ်မတ် ရပ်တည်နေပြီး ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်နေဆဲဖြစ်သလို အနာဂတ်အတွက်လမ်းပြမြေပုံနှင့် ကောင်းမွန်သည့်သန္ဓေတည်နိုင်အောင်လည်း ကြိုးစားအားထုတ်လျက်ရှိသည်။
    အမှန်ကို အမှန်အတိုင်း လမ်းမှန်ပြု၊ အမှားကို အမုန်းခံ၍ အမှန်ပြုကာ ပြည်သူအချင်းချင်း မုန်းတီးအောင်လည်း မျိုးစေ့မချခဲ့ဖူးပါ။ အချုပ်အခြာ၊ အမျိုးသား အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာကိုသာ အစဉ်ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးလျက်ရှိသည်။ ကာလသုံးပါးလုံး ပြည်သူနှင့်နိုင်ငံ အတွက်မကြည့်ဘဲ ပြည်သူအပေါ် သစ္စာဖောက်နေသည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်ဖို့ မလိုလောက်အောင် မိုးနှင့် မြေပမာ ကွာခြားလွန်းသည်။ တပ်မတော်က ညီညွတ်ရေးပြိုကွဲမည့် စကားမပြော၊ အကြမ်းဖက်စကားမပြော၊ နိုင်ငံကို ပျက်စီးအောင် မလုပ်၊ အပြောကို အလုပ်နှင့် သက်သေပြနိုင်အောင်သာ ကြိုးစားလျက်ရှိသည်။
တစ်ခုတည်းသော တပ်မတော်
နိုင်ငံတွင် တပ်မတော်ဟူ၍ တစ်ခုတည်းသာရှိသည်။ အခြားမည်သည့် လက်နက်ကိုင်အဖွဲ့ အစည်းမှ နိုင်ငံတော်နှင့် ပြည်သူကို ကိုယ်စားမပြုပါ။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု၍ ပြည်သူအကျိုးကိုသာ ကြည့်သည်။ အရေးကြုံက လှေကြုံ မလိုက်၊ ရေသာမခို နိုင်ငံနှင့်ပြည်သူအတွက် ဘေးသင့်လာလျှင် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်၍ ပြည်သူကို ကာကွယ်စောင့်ရှောက်သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည် မခွဲခြား။ အားလုံးသည် မိမိအရေးသာ ဖြစ်သည်ဟု ခံယူသည်။ ကာကွယ်ရေးကဏ္ဍ၌သာမက နိုင်ငံတည်ဆောက်ရေးမှာလည်းပါသည်။ နိုင်ငံကိုပြိုကွဲအောင်၊ မိမိပြည်နယ်၊ မိမိတိုင်းဒေသ ကြီး၊ မိမိဒေသ၊ မိမိလူမျိုး အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း ဒုက္ခပေးနေသည့် ဘေးအန္တရာယ်များကြား၊ အဖျက်အဆီးများကြားမှ မရရအောင် ပြန်လည်တည်ဆောက် ပေးနေသည်မှာလည်း တပ်မတော်ပင် ဖြစ်သည်။ သို့သော် တပ်မတော် မုန်းတီးရေးဝါဒမှိုင်းများကြား ကြိုးစားဖြေရှင်း ရုန်းကန်နေရဆဲ ဖြစ်သည်။ ဘာကြောင့်ပါလဲ။ ဒီနိုင်ငံက ငါတို့နိုင်ငံ၊ ဒီပြည်သူတွေက ငါတို့ပြည်သူ၊ ဒီလူမျိုး တွေက ငါတို့လူမျိုးဟူ၍ တပ်မတော်က အလေးအနက် ခံယူထား၍သာ ဖြစ်သည်။
စိတ်ဓာတ်စည်းကမ်း သစ္စာစည်းလုံးမှု ခိုင်မာသည့်အဖွဲ့အစည်း
    အချို့ကလည်း တပ်မတော်ကြောင့် နိုင်ငံပျက်စီးနေရသည်၊ နိုင်ငံသားတွေ စိတ်ဓာတ်ပျက်ပြားနေရသည်ဟု စွပ်စွဲလိုကြသည်။ ဤနေရာတွင် နိုင်ငံသား အားလုံးနှင့်ဆိုင်သော အချက်ကိုသာ ထောက်ပြချင်သည်။ တစ်ဦးချင်း၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်၊ စာရိတ္တ၊ စိတ်ဓာတ်၊ နိုင်ငံနှင့်လူမျိုးအပေါ်ထားသည့် သစ္စာတရား ခံယူချက်နှင့်သာ ဆိုင်မည်ထင်သည်။ ဤသို့ဖြင့် သပ်လျှိုဖြိုခွဲ  ပြိုကွဲစေသည့် သွေးခွဲစကားများကို ကြားနေကြုံနေရဆဲဖြစ်သည်မှာ လက်ရှိ အရှိတရားဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်မှုကဏ္ဍ တွင် ရပ်တည်နေရဆဲဖြစ်၍ ယနေ့လိုကာလတွင် ဘယ်သူ့ကိုမှ ယုံ၍မရသေး၊ နိုင်ငံကိုဦးဆောင်နေရ ဦးမည်သာဖြစ်သည်။ အချို့က တပ်မတော်မရှိလျှင် နိုင်ငံအေးချမ်းမည်ဟု ဆိုသူက ဆိုသည်။ ကိုယ့်နိုင်ငံ ရေးအခြေအနေ၊ ကိုယ့်အခြေအနေကို ကိုယ်ပင် ကောင်းစွာ မဖတ်တတ်သူများဟု ဆိုရမည်။
    ကံဆိုးသည်က နိုင်ငံတွင် တပ်မတော်ကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုပေတံများ နှင့် တိုင်းတာနိုင်သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်း ယခုအချိန်အထိ မရှိသေးခြင်း ပင်ဖြစ်သည်။ တပ်မတော်မှလွဲ၍ ဗမာရော၊ တိုင်းရင်းသားများပါ လက်နက်ရှိလျှင် သတ်ကြ၊ ဖြတ်ကြ၊ ကွဲကြသည်က များသည်။ ကိုယ့်လူမျိုး အချင်းချင်းလည်း သတ်ရဲဖြတ်ရဲသည်။ ထိပ်ပိုင်း ခေါင်းဆောင် အချင်းချင်းလည်း သစ္စာမရှိ၊ လုပ်ကြံသတ်ဖြတ်သည်။ တော်လှန်ရေးသမားအချင်းချင်းလည်း လက်ရဲဇက်ရဲသတ်ဖူးကြသည်။ ဒါကိုပင် တပ်မတော်မရှိမှသာ တိုင်းပြည်ငြိမ်းချမ်း မည်ဟု ဆိုဝံ့သူက ရှိသေးသည်။
လိုအပ်ချက်များအရ ပါဝင်ထမ်းရွက်နေရဦးမည့် တပ်မတော်
    ပြောကြသည်။ တပ်မတော်က နိုင်ငံရေးလောကမှ မထွက်ချင်ဘူးဆိုသည့် ဝေဖန်ချက်။ နိုင်ငံရေး လောကမှ ထွက်ချင်သည့်အတွက် ရာနှုန်းပြည့် ယူထားရာမှ ၂၅ ရာခိုင်နှုန်းထိ လျှော့ချပါဝင်ခဲ့သည်ကို သတိပြုဖို့ကောင်းသည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အရိပ်အယောင်ရှိနေသရွေ့၊ အချုပ်အခြာ ခြိမ်းခြောက်မှုခံနေရသရွေ့၊ တိုင်းရင်းသားများညီညီ ညွတ်ညွတ်မရှိသရွေ့၊ တပ်မတော်ကိုပြိုကွဲစေမည့် အကြံအစည်များ ရှိနေသရွေ့ တပ်မတော်၏နိုင်ငံရေးတွင် ပါဝင်မှုအလားအလာ လျော့ပါးသွားရန် ခဲယဉ်းသည်။ မရင့်ကျက်သေးသည့် နိုင်ငံရေးစနစ်တွင် တပ်မတော်က လိုအပ်ချက်  အရ ပါဝင်နေရခြင်းသည် အမှားအယွင်းတစ်ခုမဟုတ်ပါ။
    သို့သော် ပြည်တွင်းအဖျက်သမားအကြမ်းဖက် များနှင့် ကိုယ့်လူမျိုးအချင်းချင်း ရင်ဆိုင်တိုက်ခိုက် နေရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို လိုချင်လွန်း၍ စစ်မတိုက်ချင်ဘဲ တိုက်နေရသည်။ တိုင်းပြည် ထူထောင်ရေးလုပ်ရမည့်အချိန်မှာ လက်နက်ကိုင် ပဋိပက္ခများနှင့်သာ အချိန်ကုန်ပြီး အသက်တွေ၊ ခန္ဓာတွေ ပေးဆပ်နေရသည်။ သို့သော်လည်း တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေးတာဝန် များနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မလစ်ဟင်းစေရဘဲ အချုပ်အခြာနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည် ဆိုခြင်းကိုတော့ နိုင်ငံရေးသမားအားလုံး၊ လက်နက်ကိုင်အဖွဲ့အားလုံး ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်စွမ်းရှိသင့်သည်။ အမှန်တကယ်လည်း မြန်မာ့ တပ်မတော်သား အားလုံးသည် ငြိမ်းချမ်းရေးကိုအရယူဖို့ ဆန္ဒပြင်းပြကြသည်မှာ ရှေ့ဆုံးကဖြစ်သည်။ စစ်၏အနိဋ္ဌာရုံများကို အသိဆုံးဖြစ်သော်လည်း ငြိမ်းချမ်းချင်၍သာ အသက်ပေး တိုက်ခိုက်နေရခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ အရေးကို ပြုလုပ်ခဲ့၊ပြုလုပ်ဆဲဖြစ်ပြီး နောင်လည်းဆက်လက် ပြုလုပ်ရမည့် လုပ်ငန်းစဉ် များစွာ ရှိနေသည်။ နိုင်ငံတကာ ပဋိပက္ခများကြားတွင် နိုင်ငံအပေါ် သက်ရောက်မှု အတိုင်းအတာအလိုက် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဦးတည်သည့် ဒေသတွင်းနှင့် အခြား မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ရမည့်ကိစ္စများစွာ ရှိနေသည်။ လောလောဆယ် ပြည်တွင်း၊ ပြည်ပလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် မိမိနိုင်ငံ အချုပ်အခြာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ဦးစားပေးကာကွယ် စောင့်ရှောက်နေရဆဲ ဖြစ်သည်။ ရောဂါကပ်ဘေး၊ နိုင်ငံရေးပဋိပက္ခများနှင့် ဆက်နွှယ်၍ ကျဆင်းနေသော ပြည်သူတို့၏ လူမှုစီးပွားဘဝများ တည်ငြိမ်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်နေရသည်။ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝနှင့် ပြည်တွင်း ပဋိပက္ခများ အပြန်အလှန်ဆက်စပ်နေခြင်းကြောင့်လည်း ဖြစ်သည်။ တစ်ချိန်တည်းမှာ လက်ရှိ ဆောင်ရွက်ဆဲနိုင်ငံရေး အခင်းအကျင်းများ ဆက်လက်တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရပါ ဦးမည်။
    ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ မတူကွဲပြားမှုများကြားမှာ အမျိုးသား ရင်ကြား စေ့ရေးနှင့်တကွ ဘုံရည်မှန်းချက်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ကျန်ရှိနေပါသေးသည်။ ကွဲပြား နေသော လူမှုယဉ်ကျေးမှုများ၊ ဘာသာတရားများ ယခုထက်ပို၍ နီးစပ်၊ နီးကပ်မှုရှိရန် လိုအပ်နေပါသေးသည်။ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်မည့် မျိုးချစ်တပ်မတော်အဖြစ် ဆက်လက်တည်ရှိရပါဦးမည်။
    အနာဂတ်နိုင်ငံတော်ကြီးအတွက် တိုင်းရင်းသား ပြည်သူများနှင့် သဟဇာတ ဖြစ်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုကို တည်ဆောက်နိုင်မည့်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အနေ အထားများ အားလုံးသည် နိုင်ငံတော်လုံခြုံရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည် ဖြစ်ရာ ယင်းအခြေအနေများအတွက် တာဝန်ခံမည့် အဖွဲ့အစည်းသည် အင်အား မရှိ၊ ဘေးရောက်၊ ယိုင်နဲ့နေ၍ မဖြစ်ပါ။ ရေခံမြေခံကောင်းများဖြင့် ခိုင်မာသော အုတ်မြစ်ကောင်းကို ချနိုင်ရန်အတွက် တပ်မတော်ကဲ့သို့ အင်အားတောင့်တင်းပြီး စည်းကမ်းစနစ်တကျ ဖွဲ့စည်းထားသော အင်စတီကျူးရှင်းတစ်ခုမှလွဲ၍ အခြားမရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။
Crd. မိုးမြင့်



Post a Comment

Previous Post Next Post