ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ တောင်တရုတ်ပင်လယ်နှင့် မြန်မာ့အရေး ဦးစားပေးဆွေးနွေး

Views


တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လက်ရဲဇက်ရဲဖြစ်လာတဲ့ လှုပ်ရှားမှု၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်စဉ်တွေ အရှိန်မြင့်နေမှုတို့ဟာ တနင်္လာနေ့က လာအိုနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် အဓိကထား ဆွေးနွေးကြတဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ လာအိုနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူအပြီး ပထမဆုံး ကျင်းပတဲ့ အဆင့်မြင့်အရာရှိအဆင့် အစည်းအဝေးတစ်ခုဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲက အတော်များများဟာ တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်နိုင်ငံနဲ့ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုဖြစ်နေခဲ့ကြတာပါ။

လာအိုအစည်းအဝေးရဲ့ အပြီးသတ် ထုတ်ပြန်ချက်မူကြမ်း မိတ္တူ တစ်ခုအရ တရုတ်နိုင်ငံကို တိုက်ရိုက်ရည်ညွှန်းမထားပေမယ့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လေးစားလိုက်နာဖို့ လိုတယ်လို့ အကြိမ်ကြိမ် အလေးထားဖော်ပြထားကြောင်း AP သတင်းဋ္ဌာနက ဆိုပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် မူ ၅ ရပ် ချမှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ ချက်ချင်း ရပ်စဲဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ်လာဖို့၊ အာဆီယံ အထူးသံတမန်ရဲ့ ညှိနှိုင်း ဖြန်ဖြေမှုနဲ့ အာဆီယံလမ်းကြောင်းတွေကဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရဖို့အတွက် အာဆီယံ အထူးသံတမန်ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရေး အစီအစဉ်တွေကို အာဆီယံက ရေးဆွဲထားတာဖြစ်ပါတယ်။

လာအိုဟာ ယခုအစည်းအဝေးမတိုင်မီ ၎င်းတို့ရဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ထားခဲ့ပြီးဖြစ်ကာ သဘောတူညီချက် မူ ၅ ရပ် တိုးတက်မှုရရှိရေး ကြိုးပမ်းမှုအဖြစ် SAC ခေါင်းဆောင်၊ အခြား ထိပ်တန်းခေါင်းဆေင်တွေနဲ့ တွေ့ဆုံထားခဲ့ပါတယ်။

အပြီးသတ်ထုတ်ပြန်ချက် မူကြမ်းမှာတော့ လာအိုက မြန်မာနိုင်ငံကို အာဆီယံရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် သုံးနှုန်းထားပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး တာရှည်ခံသော ဖြေရှင်းချက်ကို ရှာဖွေရာမှာ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ကတိကဝတ်ပြုထားတယ်လို့ ဆိုပါတယ်။



Ref: AP

Post a Comment

Previous Post Next Post