ဒါဒို့တိုင်း ဒို့ပြည် ... ဒို့မြန်မာပြည်

Views


တိုင်းရေးပြည်ရေးအခြေအနေကား မုန်တိုင်းတွေ ပိုပိုထန်လာသလို ခံစားရသည်။ အရှေ့မြောက်မှ ကျူးကျော် သူတို့ တိုင်းတစ်ပါးနိုင်ငံ၏ အကူအညီကိုယူကာ တပ်မတော်စစ်မီးဝိုင်းနေမှုကို အကြောင်းပြုပြီး လားရှိုးထိကို ကျူးကျော်လာခဲ့သည်။ နိုင်ငံတော်အတွင်းရှိ မြန်မာအချင်းချင်းသွေးကွဲမှုကား မြန်မာမဟုတ်သည့် မြန်မာ စကားမသုံးသည့် မြန်မာဆိုလျှင်မုန်းတီးသည့် ကျူးကျော်သူတွေအတွက် အချက်ဖြစ်သွားတာတော့ မငြင်းနိုင် ချေ။
-
မြန်မာလိုမသုံး၊ မြန်မာလိုမဆိုသည့် ကျူးကျော်သူများသည် နိုင်ငံတော်၏ အစိတ်အပိုင်းအချို့ကို ကျူးကျော်ပြီး သကာလ “ဗမာဆိုလျှင် မောင်းထုတ်သည်” “ဗမာတွေတည်ထားသော စေတီတော်များကိုဖြိုချသည်” စသည်များ ပြုလုပ်သလို နိုင်ငံတော် အလံကိုဖြုတ်ချကာ သူတို့အလံဆိုသည့် အလံများတင်၍ ကျူးကျော် စော်ကားကြသည်။
-
“ဗမာ PDF တွေ သေနေတာ၊ ငါတို့ တအောင်းတွေမသေဘူး” ဆိုသည့် TNLA တာဖုန်းကျော် ၏ စကား၊ “NUG က မင်းတို့ ဗမာ PDF တွေကို ငါတို့ကိုထိုးပေးသွားတာ” ဆိုသည့် MNDAA မှ တာဝန်ရှိသူတစ်ဦး၏စကားတို့ကို နားထောင်ကြည့်လိုက်လျှင်ဖြင့် သူတို့၏ မြန်မာတွေအပေါ် သဘောထားကို အတိုင်းသားတွေ့မြင်နိုင်သည်။ ဘာ တိုင်းရင်းသားရေးမှလဲမဟုတ်သလို၊ ဘာဖယ်ဒရယ်အရေးမှလဲမဟုတ်။ သင်းတို့၏ လိုဘအတွက် မြန်မာကို နိုင်ငံတော်မြေပုံပြောင်းအောင် လုပ်ဆောင်နေကြခြင်းသာဖြစ်သည်။
-
တချိန်တည်းမှာပင် UWSA က ပန်ဆန်းတွင် နိုင်ငံတော်အလံကိုဖြုတ်ချသည်။ သူတို့ ဝ ပြည်ဆိုသည့် စကားကို တွင်တွင်သုံးကာ တစ်ပါတီတည်းရှိရမည်ဆိုပြီး ပြီးခဲ့သည့်ရက်များကား ပြည်ခိုင်ဖြိုးအပါအဝင် ပါတီတွေ အားလုံးကို ခေါ်ပြောသည်။ တန်းတူညီမျှမှုမရဘူးဟု ဖင်ကုန်းအော်နေသည့် လူတွေမှ မြန်မာဆိုလျှင် ကန့်သတ် ပစ်မည်ဆိုသည့် အကြံဖြင့် ဆောင်ရွက်နေခြင်းကား သူခိုးလူပြန်ဟစ်နေသလိုပင်။
-
လူမျိုးကြီးဝါဒဟု စွပ်စွဲခံနေရသည့် ကိုယ်ရွှေမြန်မာများကတော့ အင်မတန်မှ သဘောထားကြီးကြသည်။ လောက်ကိုင်မှာ ဗမာတွေနှင်ထုတ်ခံနေရပေမယ့် ပြည်မထဲမှာရှိသည့် ကိုးကန့်နှင့် ဝ များကို ဘယ်သူကမှ ရန်မလုပ်သလို ဘယ်သူကမှလဲ ပြဿနာမလုပ်။ ပွိုင့် ၂၂၀၂ တွင် ဘုရားစေတီကို တူဖြင့်ထုလိုက်သလို ရန်ကုန်၊ မန္တလေးတွင်ရှိ သည့် ကိုးကန့် ဘုံကျောင်းများကို လက်ဖျားနှင့်တောင်မထိကြ။
-
မည်သို့ပင်ဆိုစေကာမူ မြန်မာဆိုတာ မြန်လဲမြန်သည်၊ မာလဲမာသည်။ မည်သူ့ကိုမျှ ကျူးကျော်စော်ကားခြင်း မရှိသလို ကျူးကျော်စော်ကားလာလျှင်လဲ ရေဆုံးမြေဆုံး ချေမှုန်းတတ်သည့်သူများဖြစ်သည်။ အတိတ်သမိုင်း ကြောင်းတွေမှာ မြန်မာစစ်ဘုရင်များ ဘုန်းမီးနေလ တောက်ပချိန်နှင့် နိုင်ငံသားများစည်းလုံးချိန်တို့တွင် အာရှရှိ နိုင်ငံများကပါ လေးစားရသည်အထိ အင်ပါယာချဲ့ထွင်နိုင်ခဲ့သည်။
-
လွတ်လပ်ရေးဆုံးရှုံးသွားသည့်အချိန်မှာလည်း မိမိ ခွန်၊ မိမိ အားဖြင့် လွတ်လပ်ရေးကို မရရအောင် ရယူနိုင်ခဲ့သလို လွတ်လပ်ရေးထိန်းသိမ်းရသည့် ကာလများမှာလည်း တပ်မတော်၊ ပြည်သူနှင့် နိုင်ငံတော်တို့မှာ လက်တွဲညီညီဖြင့် ဆောင်ရွက်ခဲ့ကြသည်။
-
၁၉၄၈ မှ ယနေ့ထိ တည်တံ့နေသော နိုင်ငံတော်မြေပုံသည် မိမိတို့ ဘိုးဘေးတွေ အသက်သွေးချွေးဖြင့် ရင်းနှီးကာ ရေးဆွဲထားသည့် မြေပုံဖြစ်သည်။ ဒါကို မြန်မာလို မဆို၊ မြန်မာလိုမသုံး၊ မြန်မာဆိုလျှင် ရွံသည်ဆိုသည့် ကျူးကျော် သူများကား ဖဲ့ထုတ်ဖို့ ယနေ့ ဆောင်ရွက်နေကြပြီဖြစ်သည်။
-
မိမိတို့ အချင်းချင်း စိတ်ဝမ်းကွဲမှုကို အကြောင်းပြုပြီး ဘယ်တုန်းကမှ မော်မကြည့်ဖူးသည့် အဖျားအနားက ကျူးကျော်သူတွေ အခွင့်ကောင်းယူနေကြသည်ကား အတော်ကို စိတ်မချမ်းမြေ့စရာပင်။
-
ကျူးကျော်သူ သင်းတို့သည် NUG နှင့် ဘယ်လိုဘယ်ပုံ စာချုပ်ချုပ်ထားသည် ဆိုတာတော့မသိ။ PDF တွေ ကိုတော့ လုံးဝစေတနာမရှိတာကိုတော့ TNLA နှင့် MNDAA ပြောစကားတွေက သက်သေခံနေသလို တိုက်ပွဲ ဖြစ်လျှင်ရှေ့မှတိုက်ခိုင်း၊ အောင်ပွဲရလျှင် သူတို့အလံထောင် သူတို့နယ်မြေယူပြီး PDF တွေကို ဘာဆိုဘာမျှ မပေးတာတွေကို ထောက်ရှုပြီး ပညာတတ်ပီပီတွေးမိကြမည်လို့လဲ မျှော်လင့်မိပါသည်။
-
PDF လူငယ်များအနေဖြင့် နောင်တချိန်တွင် ဒီနေရာတွေ ငါတို့ပိုင်ခဲ့ဖူးသည်ဆိုသည့် စကားကိုသာ မျိုးဆက်သစ် မြန်မာ ကလေးငယ်များကိုပြောပြီး နောင်တတွေ တပွေ့တပိုက်ဖြင့် ရှင်သန်ကြမှာလားလို့ မေးချင်ပါသည်။
-
ဆိုတော့ ... မိမိတို့ မြန်မာများ ရန်ဖြစ်ခြင်းကို ခဏရပ်ကြပါစို့။ ကျူးကျော်သူ သင်းတို့ကို အရင်တိုက်ခိုက် ချေမှုန်းကြပါစို့။ မိမိတို့ မြန်မာတွေ စည်းလုံးလျှင် သင်းတို့ သံမှုန့်မက အဏုမြူမှုန့်စားလဲ ချေမှုန်းနိုင်သည်ဆိုတာ သမိုင်းမှာလဲ သက်သေ သာဓက အပြည့်ပင်။
-
ညီအစ်ကိုတွေ ရန်ဖြစ်တာ ခဏရပ်ပြီး ... မျက်မှေးကောင်တွေကို တိုက်ထုတ်ကြ။ နိုင်ငံတော်မြေပုံကို ပြန်လည် စုစည်းကြ။
-
“ဒါ ဒို့တိုင်း ဒို့ပြည် .. ဒို့မြန်မာတွေ
မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ
ကျုပ်တို့ရဲ့ ရွှေထီး ရွှေနန်း တင့်စမ်းပေ”


မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post