တာဝန်ကျေဖို့လိုတယ် (We need to fulfill our responsibilities)

Views

 


ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။ ကိုယ့်တာဝန်ကိုယ်မကျေရင် ဘာမှအဆင်ပြေမှာမဟုတ်သလို အောင်မြင်မှုလည်းမရနိုင်ဘူး။
-
နိုင်ငံရေးသမားတွေနိုင်ငံကို ဦးဆောင်မယ်ဆိုရင် နိုင်ငံရေးဆိုတာဘာလဲ သိဖို့အရင်ကြိုးစားသင့်တယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကိုဆန့်ကျင်ရင်နိုင်ငံရေးသမားဖြစ်ပြီဆိုတဲ့ အယူအခုထိရှင်သန်နေတယ်။ စစ်တပ်ကို ဆန့်ကျင် ဆဲဆိုတတ်ရုံနဲ့ မြန်မာနိုင်ငံရေးထဲဝင်ပါခဲ့တဲ့ nld ပါတီ ကျဆုံးခဲ့တယ်။ ဒါကြောင့် နောင်အနာဂါတ်ကာလမှာ စစ်တပ်ကိုအပြစ်တင်တတ်ရုံနဲ့ နိုင်ငံရေးလောကထဲဝင်ပါလာသူတွေကို နိုင်ငံဦးဆောင်ဖို့တာဝန် ပြည်သူတွေမပေးမိကြဖို့လိုတယ်။
-
နိုင်ငံရေးသမားက နိုင်ငံရေးဆိုတာဘာလဲမသိဘဲ နိုင်ငံရေးဆရာကြီးတွေ ဝင်လုပ်တာ ပထဝီနိုင်ငံရေးမသိတော့ ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာနိုင်ငံအချုပ်အခြာအာဏာလက်လွှတ်လိုက်ရတော့မလိုဖြစ်သွားတယ်။ ဒါလဲ ခုထိနားမလည်ကြသေးဘူး ဆက်မိုက်ကြတုန်း။
-

တပ်မတော်သည် အဓိကအားဖြင့် ပြည်ပရန်ကိုကာကွယ်ရန် အဓိကတာဝန်ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ သမိုင်းကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေရခြင်းဖြစ်ကြောင်းလို့ ဇန်နဝါရီလ ၂၆ ရက်နေ့က (၁/၂၀၂၄) အစည်းအဝေးမှာနစကဥက္ကဌပြောသွားတယ်။ မြန်မာနိုင်ငံစစ်တပ်ရဲ့ ကမ္ဘာ့အဆင့်က ၂၀၂၄ ခုနှစ်မှာ အဆင့် ၃ ဆင့်တက်လာပြီး ကမ္ဘာ့အဆင့် ၃၅ မှာရှိတယ်လို့ဆိုတယ်။
-
သို့ပေမဲ့ လက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်မှာ စစ်တပ်ကိုထောက်ခံနေကြတဲ့သူတွေ စိတ်ဓာတ်ကျနေကြတဲ့စာတွေ ရေးတင်နေကြတဲ့ထိ စစ်ရေးမှာခက်ခဲနေတာတွေ့လာရတယ်။ စစ်တပ်ရဲ့အဆင့်နဲ့အနေအထားကို ဆွေးနွေးမှာ မဟုတ်ပါဘူး။ ကိုယ့်တာဝန်ကိုယ်ကျေဖို့ဆိုတဲ့ကိစ္စပြောမှာပါ။
-
စစ်တပ်နိုင်ငံကို အုပ်ချုပ်တာလက်မခံပါဘူး။ အခြေအနေအရ ခဏဝင်ပါရတယ်ဆိုတာကို နားလည်ပေးလို့ ရတယ်။ သို့ပေမဲ့ အချိန်အကြာကြီးတာဝန်ယူထားလို့မသင့်ဘူး။ စစ်တပ်က နိုင်ငံကိုအုပ်ချုပ်တော့ စစ်နဲ့ ပတ်သက်တဲ့အရေးတွေ အာရုံစိုက်နိုင်မှု နိမ့်ကျလာတာ လက်ရှိကာလမှာမြင်လာရတယ်။ လက်ရှိမြန်မာနိုင်ငံ စစ်ရေးမှာ သူပုန်တွေဖက်က အသာရလာတာ မြန်မာနိုင်ငံလက်ရှိနစကအစိုးရမှာ စစ်ရေးအင်အားသာရှိပြီး နိုင်ငံရေးအင်အားမရှိလို့ဖြစ်တာ။
-
မြန်မာနိုင်ငံမှမဟုတ်ဘူး စစ်တပ်ကအာဏာရယူထားတဲ့ ဘယ်နိုင်ငံကိုမဆို တစ်ကမ္ဘာလုံးက နိုင်ငံရေးအရ မထောက်ခံကြဘူး။ အခုခေတ်စစ်ဖြစ်တာ ကာယကံရှင်နှစ်ဖက်ပဲ စစ်ဖြစ်တာမဟုတ်တော့ဘူး တစ်ကမ္ဘာလုံး ပါနေပြီ။ မြန်မာနိုင်ငံစစ်တပ်လည်း သူပုန်တစ်ဖွဲ့တည်းနဲ့တိုက်နေရတာ မဟုတ်တော့ဘူး အနည်းဆုံး တရုတ်အမေရိကန်နောက်ကွယ်ကပါနေတာကိုတိုက်နေရတာ။
-
ပုံမှန်အရပ်သားအစိုးရရှိနေရင် စစ်တပ်က အရပ်သားအစိုးရကို ခေါင်းခံခိုင်းပြီး အေးအေးဆေးဆေး စစ်တိုက်နေလို့ရတယ်။ အခုစစ်တပ်အာဏာယူထားတဲ့အချိန်ဖြစ်နေတော့ ကိုယ်ဘာမှမလုပ်တောင် အနောက် နိုင်ငံမီဒီယာတွေက အမှန်တစ်ဝက် အမှားတစ်ဝက် သတင်းတွေနဲ့ စစ်တပ်ရှုံးဖို့အတွက်ပဲ ဇောင်းပေး ပြောဆိုနေတယ်။ မြန်မာနိုင်ငံ အမှန်တကယ်ဖြစ်နေတာတွေကို နိုင်ငံတကာကသိအောင်ပြောပြဖို့ လက်ရှိမြန်မာနိုင်ငံ အာဏာရယူထားတဲ့ စစ်တပ်ပြောစရာနေရာ(Platform)မရှိဘူး။
-
ပုံမှန်ဆို မြန်မာနိုင်ငံရှမ်းမြောက်အပါအဝင် တစ်နိုင်ငံလုံးမှာဖြစ်နေတာတွေကို နိုင်ငံတကာကိုချပြပြီး နိုင်ငံရေး အရတုံ့ပြန်လို့ရတယ်။ မြန်မာနိုင်ငံမှာစစ်တပ်နဲ့ မျက်နှာချင်းဆိုင်နေတဲ့အဖွဲ့တွေက ပိုပြီးအကြမ်းဖက် လုပ်ပါတယ်ဆိုတာတောင် အဲ့ဒါငါတို့ပြောတာမဟုတ်ဘူးဆိုပြီး အမေရိကန်က အကြမ်းဖက်တွေကို ဆက်ထောက်ပံ့တယ်။
-
သဘောကမြန်မာနိုင်ငံမှာ ဘယ်သူတွေက တကယ်အကြမ်းဖက်လုပ်နေတယ်ဆိုတာ အမေရိကန်မှမဟုတ်ဘူး တစ်ကမ္ဘာလုံးသိတယ်။ အာဏာယူထားတဲ့စစ်တပ်ကို တိုက်ခိုက်နေတာဆို မမှန်တာလုပ်လည်း ထောက်ခံတယ် ဆိုတဲ့မူနဲ့ရပ်တည်ကြတာ။ အဲ့ဒီမူဘယ်နိုင်ငံမှာမဆို မပြောင်းလဲဘူး။ အမေရိကန်ကသိမ်းခိုင်းတဲ့ အာဏာသိမ်း တာမျိုးမှမဟုတ်ရင်ပေါ့။
-
ရှမ်းမြောက်စစ်မှာ Made in China အမှတ်အသားပါ ဒရုန်းအကြီးစားတွေမိတာတောင် နိုင်ငံတကာကို တင်ပြပြီးတိုင်တန်းဖို့အခွင့်မရဘူး။ တကယ်လို့ ပုံမှန်အရပ်သားအစိုးရဆိုရင် ဒီကိစ္စတစ်ခုနဲ့တင် တော်တော် ထိရောက်ပါတယ်။
-
စစ်တပ်ကအချိန်ကြာ နိုင်ငံကိုအုပ်ချုပ်လာတဲ့အခါ အဂတိတွေပါလာတတ်တယ်။ ဒီလိုနဲ့ ပြည်သူအမြင် စောင်းလာ တတ်ကြတယ်။ ၂၀၂၁ အာဏာအပြောင်းအလဲက မဲမသာမှုကိုရှင်းပေးဖို့တောင်းဆိုတာကို မလိုက်လျောတာကနေဖြစ်လာတာ။ အခုအချိန်ကြည့်လိုက်ရင် မထိုက်တန်လောက်အောင် နိုင်ငံတော်တော် ပျက်စီးသွားပြီ။
-
ထိုင်းမှာလည်း ၂၀၂၃ မနှစ်က ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံလို အကြပ်အတည်းဖြစ်ခဲ့ပေမယ့် ဘာမှမပျက်စီးဘူး။ ဒီတော့အဖြေထုတ်ရရင် နိုင်ငံရေးသမားတွေ နိုင်ငံရေးပါးမဝဘဲ လိုက်လျောရမယ့်ကိစ္စကို တင်းခံနေခဲ့ပြီး အာဏာလွဲပြောင်းယူလိုက်တဲ့စစ်တပ်ကလည်း အမြန်ဆုံးအာဏာပြန်လွှဲပေးဖို့နောက်ကျခဲ့တယ်။
-
မြန်မာနိုင်ငံမှာ ဆရာဝန်၊ ကျောင်းဆရာ၊ စစ်သား၊ ဝန်ထမ်း၊ ရဟန်း၊ ပြည်သူအားလုံးလိုလို ကိုယ့်တာဝန် ကိုယ်ကျေပြွန်အောင်ထမ်းဆောင်ဖို့ အားနည်းခဲ့တယ်။ ဒီအတွက်နိုင်ငံခြားက အလွယ်တကူသွေးခွဲနိုင်ခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့မြန်မာနိုင်ငံကိုဖျက်စီးနိုင်ခဲ့တယ်။
-
နောက်ကာလတွေမှာ တစ်နိုင်ငံလုံး သူများကို လက်ညိုးမထိုးဘဲ ကိုယ့်တာဝန်ကိုယ်ကျေကြတဲ့ မြန်မာနိုင်ငံသားတွေပေါ်လာပါစေလို့ဆုတောင်းမိတယ်။ ဒါမှမြန်မာနိုင်ငံလမ်းမှန်ပေါ်ရောက်ပြီး အေးချမ်းတိုးတက်လိမ့်မယ်။


မိုးတင့်ဆွေ(ရန်ကုန်တက္ကသိုလ်)

Post a Comment

Previous Post Next Post