“ကာလုံခေါ်ဖို့ နာရီပိုင်းအလို”

Views


ဒီရက်ပိုင်းထဲမှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့က အသီးသီး ထုတ်ပြန်ကြေငြာချက်တွေ ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ နှစ်ချုပ်အစီရင်ခံစာထုတ်ပြန်ချက်ဆိုပေမယ့် သူတို့ရဲ့ မူဝါဒတွေနဲ့ ရည်မှန်းချက်ကိုတွေ ခပ်ပါးပါးလေး မြင်ရတယ်။ RC အနေနဲ့ NCA မှာ လက်မှတ်ထိုးထားသူဖြစ်လို့ NCA လမ်းကြောင်းကတဆင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေး အဖြေရှာခြင်းကသာ ဒီနိုင်ငံရေး ပြဿနာတွေ ပြေလည်နိုင်မယ်လို့ ယုံကြည်ထား ပေမယ့် SSPP ထုတ်ပြန်ချက်ကတော့ FNPCC ရဲ့ အလိုကျ အာဏာရှင်စနစ်တွေ၊ မဟာလူမျိုးကြီး ဝါဒတွေနဲ့ နယ်မြေချဲ့ထွင်ရေးဝါဒ ဆိုတဲ့ ခေတ်ဟောင်းအယူအဆ တွေပါ ထည့်သွင်း ထုတ်ပြန်ထားတာ တွေ့ရတယ်။ ဒီထုတ်ပြန်ချက်တွေကို ကြည့်ရင် လတ်တလော ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အနေနဲ့ အပစ်ရပ်စဲထားကြပေမယ့် လားရာ ရည်ရွယ်ချက်တွေ မတူဘူးဆိုတာ ခန့်မှန်းသုံးသပ်လို့ရတာ တွေ့ရတယ်။

------------

ပိုပြီး လှုပ်ခတ်စေတဲ့ သတင်းတပုဒ်ကတော့ မနေ့က ညမှာ ထွက်ပေါ်လာခဲ့တယ်။ ကိုးကန့်ဒေသအာဏာပိုင် ပယ်စောက်ချိန် အပါအဝင် တရုတ်အလိုရှိတဲ့ ကျားဖြန့်ထိပ်ပိုင်း ခေါင်းဆောင်(၁၀)ဦးကို တရုတ်အစိုးရဆီ လွှဲပြောင်းပေးလိုက်တယ် ဆိုတဲ့ သတင်းပဲ ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်အစိုးရဆီ ဒီလို တရားခံ လွှဲပြောင်းပေးတဲ့ ကိစ္စဟာ ရှမ်းမြောက်အရေးအခင်းမှာ ဘယ်လို အပေးအယူရနိုင်မလဲဆိုတာ သေသေချာချာ မသိနိုင်သေးဘူး။ ဒါပေမယ့် ကျားဖြန့်နဲ့ ပတ်သက်ရင် ကိုယ်တွေနိုင်ငံအနေနဲ့ တရားရေးဘက်မှာရော၊ အုပ်ချုပ်ရေးဘက်မှာရော ထိခိုက်မှု အတော်ကြီးမားခဲ့တာ တွေ့ရ တယ်။ ကျားဖြန့် လောင်းကစားနဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေရဲ့ မူလဇစ်မြစ်ပြဿနာဟာ ဒေသခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဝန်ရှိသူတွေ အပါအဝင် ယူနန်အစိုးရနဲ့ အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိနေတယ်၊ ရှိခဲ့တယ်ဆိုတဲ့ ခန့်မှန်း မှုတွေလည်း တောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။

----------------

သေချာတာကတော့ ကျားဖြန့်နဲ့ ပတ်သက်လာရင် ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူးလို့ ယူဆရသေးတယ်။ မြန်မာ-ထိုင်း နယ်စပ်မှာ ရှိတဲ့ KK Park စီမံကိန်း တွေဟာ နိုင်ငံတကာ သတင်းမီဒီယာတွေထက် မှာ အတော်လေး နာမည် ကြီးခဲ့တာလည်း ကြာခဲ့ပြီဖြစ်သလို့ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေအနေနဲ့ နေပြည်တော်ကို နှစ်ကြိမ်အထက်မက လာနေတဲ့ အခြေအနေတွေဟာ နောင်ဖြစ်လာနိုင်တဲ့ ပုံရိပ်တွေလို့ ခန့်မှန်းကြည့်လို့ ရတယ်။ ပိုဆိုးတာက ဒီစီမံကိန်း တာဝန်ရှိသူတွေဟာ NCA လက်မှတ်ရေးထိုးထားတဲ့ KNU အဖွဲ့အစည်းကိုယ်တိုင် ပါဝင်ပတ်သက်နေတာဖြစ်လို့ စိတ်ဝင်စားစရာတော့ ပိုကောင်းတယ်။ တကယ်လို့ KK Park စီမံကိန်းရဲ့ အဓိက တာဝန်ရှိသူတွေထဲမှာ KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေသာ ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်နေရင်တော့ ကိုယ့်နိုင်ငံသား ဖြစ်နေစေဦးတော့ ခုလို ပယ်စောက်ချိန်ပုံစံမျိုး ဖြစ်နိုင်တယ်ဆိုတာ သုံးသပ်လို့ရတယ်။

------------

မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတဲ့ အချက်က မကြာမီ နာရီပိုင်း အလိုမှာ ကျင်းပတော့မယ့် ကာ/လုံ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် တွေက ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်တွေရှိနေတာပဲဖြစ်တယ်။ သာမန် မဟုတ်တဲ့ အခြေအနေကြောင့် ၄ ခါပြန် တိုးယူထားတဲ့ နစကရဲ့ သက်တမ်းဟာ ထပ်ပြီး သက်တမ်း တိုးလေဦးမလား၊ ဒါမှမဟုတ် အရင် ဖဆပလ လက်ထက်တုန်းကလို ကြားဖြတ် အစိုးရ ပုံစံ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ကြလေမလား ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မတည်ငြိမ်သေးတဲ့ ရခိုင်ပြည်နယ်အခြေအနေ၊ မြို့ကြီး ၃၀ လောက် လက်လွှတ်ထားရတဲ့ အခြေအနေနဲ့ နယ်မြေအပြန်အလှန်လုနေတဲ့ EAOs တွေကြားမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အနေနဲ့ တစ်စုံတစ်ရာများ အပြောင်းအလဲ ရှိနေလေမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေကြ တာ မမှားဘူးလို့ပဲ ဆိုရမှာဖြစ်တယ်။



(နရီမိုး)

Post a Comment

Previous Post Next Post